မြစ်ကြီးနား ဧပြီ ၁၄
မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယနေ့သင်္ကြန် အကျနေ့ နံနက် ၉ နာရီက လမ်းလျှောက်သင်္ကြန် ကျင်းပသည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ယိမ်းအက အဖွဲ့များ၊ ဒေသခံပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။
ဦးစွာ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနှင့်လူမှုရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ တက်ရောက်လာကြ သည့် ယိမ်းအဖွဲ့များ၊ ပြည်နယ်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ဒေသခံပြည်သူများအား အတာရေအေးဖြင့် ပက်ဖျန်းပေးကြပြီး ယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊ မြန်မာ့သနပ်ခါးမဏ္ဍပ်၌ နံ့သာလိမ်းခြယ်ပေးခြင်း၊ စတုဒိသာမဏ္ဍပ်များ၌ မြန်မာ့ရိုးရာလက်ဖက်၊ ထမနဲ၊ မုန့်လုံးရေပေါ် စသည့်သင်္ကြန်အစားအစာများ ဧည့်ခံကျွေးမွေးခြင်း၊ လောင်းလှေကြီးများတွင် ရေပက်ကစားခြင်းတို့ကို ကြည့်ရှုအားပေးပြီး လမ်းလျှောက်သင်္ကြန်ကို သင်္ကြန်ချစ်သူ ပြည်သူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်သို့ သွားရောက်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်ဇနီး၊ တပ်နယ်မိသားစုဝင်များနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် သီဆိုဖျော်ဖြေမှု၊ တေးသံရှင်များ၏ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး ယိမ်းအကအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ကာ တပ်နယ်မိသားစု များနှင့်အတူ အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြသည်။
ဆက်လက်၍ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)၏ ရေသဘင်မဏ္ဍပ်နှင့် မြစ်ကြီးနားလေတပ်စခန်းဌာနချုပ် မိသားစုရေသဘင်မဏ္ဍပ်တို့ကို သွားရောက်ရာ တပ်နယ် မိသားစုများ၏ ယိမ်းအကအလှများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများကို ပေးအပ်ကာ တပ်နယ်မိသားစုများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်အတွင်းရှိ ပြည်သူ့အားကစားကွင်း၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ကျင်းပသည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ယင်းနောက် မြစ်ကြီးနားမြို့ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းအတွင်း လမ်းလျှောက်သင်္ကြန်ပွဲ တော်အဖြစ် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုကို ကြည့်ရှုအားပေးပြီး လမ်းလျှောက် သင်္ကြန်နှင့်အတူ ဧရာဝတီမြစ်၌ ပြည်သူများရေကစားရာတွင် အန္တရာယ်မရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည့် လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးအပ်သည်။
ဆက်လက်၍ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ ခေတ်ပေါ်တေးသီချင်းအကအလှများဖြင့် ကပြသီဆို ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ချီးမြှင့်ငွေများကို ပေးအပ်သည်။
အဆိုပါ ဗဟိုမဏ္ဍပ်ရှေ့ရှိ စတုဒိသာမဏ္ဍပ်များတွင် သင်္ကြန်လည်ပတ်သူပြည်သူများအား ဧည့်ခံ ကျွေးမွေးလျက်ရှိသည့်အတွက် လာရောက်သုံးဆောင်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မြစ်ကြီးနား မြို့ပေါ် ရပ်ကွက်များတွင် မဏ္ဍပ်ငယ်များဖြင့် ရေပက်ကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


