ညောင်ရွှေ ဧပြီ ၁၄

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အင်းလေးရေပေါ်သင်္ကြန် ဒုတိယနေ့ (အကျနေ့)တွင် ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့်  စည်ကားလျက်ရှိကြောင်း သိရသည်။

သီဆိုဖျော်ဖြေ

အင်းလေး  ရေပေါ်သင်္ကြန် ဒုတိယနေ့တွင် ရေကစားမဏ္ဍပ်တည်ရှိရာ မိုင်းသောက်ကျေးရွာ အနီးရှိ ရေလယ်ဧည့်ခန်းမ ရေကစားမဏ္ဍပ်၌ နံနက် ၉ နာရီ မှစတင်၍  ခရီးသွားဧည့်သည်များ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိသည့်အပြင်  ရေလယ်ဧည့်ခန်းမ  မဏ္ဍပ်ပေါ်တွင်လည်း ယိမ်းအကအဖွဲ့များ၊ ဒေသခံ တေးသံရှင်များ၊ ဧည့်သည်တေးသံရှင်များက တေးသံသာများဖြင့် ကပြသီဆိုဖျော်ဖြေကြသည်။

အင်းလေး ရေပေါ်သင်္ကြန်တွင် ရေကစားသူများသည် စက်လှေများပေါ်မှလည်းကောင်း၊ ရေကစား မဏ္ဍပ်ပေါ်မှ လည်းကောင်း သတ်မှတ်ထားရာနေရာများမှနေ၍ အေးချမ်းပျော်ရွှင်စွာ ရေကစား ခဲ့ကြသည်။

အင်းလေးဒေသသည် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ရာနေရာ ဒေသ  တစ်ခုဖြစ်သည်နှင့်အညီ အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အဖြစ်  ယခုနှစ်တွင် စတုတ္ထအကြိမ်မြောက်  ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ