ရန်ကုန် ဧပြီ ၁၄

ရန်ကုန်မြို့ရှိ ရေကစားမဏ္ဍပ်များနှင့်လမ်းလျှောက် သင်္ကြန်တို့တွင် ပြည်သူများသည် ယနေ့မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းမှစ၍ အတာရေသဘင်ပွဲတော်ကို ဆင်နွှဲကြပြီး ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်၊ ပြည်သူ့ရင်ပြင်သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြားခဲ့သည်။

ယနေ့တွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ နံနက် ၈ နာရီမှ စတင်၍ ဌာနဆိုင်ရာယိမ်းအဖွဲ့များ နှင့် တိုင်းရင်းသားအကအဖွဲ့များ၏ ကပြယှဉ်ပြိုင်မှုများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တေးသံရှင်များ၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးနှင့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)တို့မှ အနုပညာရှင်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေကြကာ သင်္ကြန်ပွဲတော်လာပြည်သူများက လိုက်ပါသီဆို ကခုန်ကြရင်း သင်္ကြန်အကျနေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ထို့အတူ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ရေကစားမဏ္ဍပ်တို့ တွင် အတာရေသဘင်ပွဲတော် ဆင်နွှဲသူများ၊ ဖျော်ဖြေရေးမဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များကို ကြည့်ရှု ကြသူများ၊ ရေမြှုပ်များဖြင့် ဆော့ကစားကြသူများနှင့် စားသောက်ဆိုင်တန်းတွင် အပန်းဖြေအနားယူ စားသောက်ကြသူများဖြင့် ပြည့်နှက်စည်ကားခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှ ခရိုင်၊ မြို့နယ်တို့ရှိ သင်္ကြန်မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်တို့တွင်လည်း အတာရေသဘင်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသည့် ပြည်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်