ငပုတော ဧပြီ ၁

 

ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်း ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင် နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နီလာဦးနှင့် ဝန်ထမ်းများက မီးဘေးအန္တရာယ် ကင်းဝေးစေရေး လိုက်လံစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ ဈေးတာဝန်ခံ ရုံးအတွင်းတွင် သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ စနစ်တကျ တပ်ဆင်ထားခြင်း ရှိ/မရှိနှင့် မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများအတွင်း မီးသတ်ဆေးဘူးများ အသင့်ထား ရှိမှု ရှိ/မရှိကို ကြည့်ရှုစစ်ဆေးပြီး  မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။

 

ဆက်လက်ပြီး ငပုတောမြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ဆောင်ရွက်ရာ မြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းအောင် က မီးသတ်ဆေးဘူးအသုံးပြုပုံကိုရှင်းလင်းပြသပြီး လက်တွေ့သရုပ် ပြလေ့ကျင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အောင်သူ(ပြန်/ဆက်)