ရန်ကုန် ဧပြီ ၁
မြန်မာနိုင်ငံမှ အရှေ့တောင်အာရှ အဓိကနေရာများသို့သာမက ဒူဘိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် ခရီးရှည်များနှင့် နိုင်ငံတွင်းဒေသများသို့ ချိတ်ဆက်ပျံသန်းလျက်ရှိသည့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) အနေဖြင့် မဟာဗျူဟာဆိုင်ရာ Revenue တိုးတက်စေရန်နှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန်အတွက် Maxamation မှ Aviator Revenue Management System ကို စတင်ရွေးချယ်အသုံးပြုခဲ့ကြောင်း မတ် ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ Aviator စနစ်ကို အောင်မြင်စွာ စတင်အသုံးပြုနိုင်ခြင်းကြောင့် ဝင်ငွေစီးဆင်းမှုစနစ် အကောင်းဆုံးဖြစ်စေရန် စီမံနိုင်ခြင်းနှင့်အတူ လေကြောင်းလိုင်း၏ Revenue Management အဖွဲ့အား မြင်သာစွာ ထိန်းချုပ်နိုင်မှုနှင့် စီးပွားရေးမဟာဗျူဟာများအပေါ် ယုံကြည်မှု ပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း၊ ထို့အပြင် ယခုစနစ်ကို အသုံးပြုခြင်းဖြင့် ဈေးကွက်အတွင်း ပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ဝင်ငွေရည်မှန်းချက်ကို လျင်မြန်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း MAI ၏ CEO Mr. Tanes Kumar က ပြောကြားသည်။
လက်ရှိတွင် MAI သည် Airbus A320 Family လေယာဉ်များ၊ Embraer E190 လေယာဉ်များ၊ ATR72-600 လေယာဉ်များ၊ Boeing 737 Freighter များဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့ကို အခြေပြု၍ ပြည်တွင်းခရီးစဉ် ၁၆ မြို့နှင့် ပြည်ပခရီးစဉ် ၂၂ မြို့ဆီသို့ ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ကိုထက်


