အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လက်ရှိအချိန်တွင် အသင်းပေါင်း ၂၄ သင်းဖြင့် ကျင်းပနေရာမှ အသင်းပေါင်း ၂၈ သင်းအထိ ထပ်တိုးကျင်းပသွားမှာဖြစ်တယ်လို့  အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပက်ထရစ် မော့ဆက်ပ်က ပြောကြားခဲ့ပါတယ်။

မတ် ၂၉ ရက်မှာ အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ပက်ထရစ်မော့ဆက်ပ်နဲ့  အမှုဆောင်ကော်မတီ  အစည်းအဝေးပြုလုပ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပက်ထရစ်မော့ဆက်ပ်က အထက်ပါအတိုင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ယခင်က အသင်းပေါင်း ၁၆ သင်းဖြင့် ကျင်းပခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ အသင်းပေါင်း ၂၄ သင်းအထိ တိုးမြှင့်ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

၂၀၂၇ ခုနှစ်မှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ကင်ညာနိုင်ငံ၊ တန်ဇန်း နီးယားနိုင်ငံနဲ့ ယူဂန္ဓာနိုင်ငံတို့မှာ လက်ခံကျင်းပသွားမှာဖြစ်ပြီး  ၂၀၂၈ ခုနှစ်မှစတင်ကာ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ပုံစံသစ်နဲ့ ကျင်းပဖို့ ရည်ရွယ်ထားတာဖြစ်လို့ လေးနှစ်တစ်ကြိမ်ကျင်းပရန် စီစဉ်ထားတာဖြစ်ပါတယ်။

ငွေကြယ်