ဆော်ဒီအာရေဗျကလပ် အယ်လ်အီတီ ဟက်ဒ်အသင်းဟာ ပရီမီယာလိဂ်ကလပ် လီဗာပူးအသင်းမှ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာကို ပြောင်းရွှေ့ကြေးပေါင် သန်း ၁၅၀ နဲ့ ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

အယ်လ်အီတီဟက်ဒ်အသင်းဟာ မိုဟာမက်ဆာလာကို ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းရဲ့  ငြင်းဆိုမှုကို  ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မိုဟာမက်ဆာလာအနေနဲ့ လီဗာပူးအသင်းနဲ့ လမ်းခွဲဖို့ပြင်ဆင်နေတဲ့အပြင် အယ်လ်အီတီဟက်ဒ်အသင်းကလည်း တိုက်စစ်မှူးဘင်ဇီမာ အယ်လ်ဟီလာအသင်းဆီ ပြောင်းရွှေ့သွားတာကြောင့်   တိုက်စစ်ကစား သမားတစ်ဦးခေါ်ယူဖို့ စီစဉ်လာတာဖြစ်ပါတယ်။

အယ်လ်အီတီဟက်ဒ်အသင်းဟာ လက်ရှိ ဆော်ဒီပရိုလိဂ်မှာ အမှတ်ပေးဇယားအဆင့်(၆) နေရာမှာ ရပ်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ်ရှိ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ၂၀၁၇ ခုနှစ်က အီတလီ စီးရီးအေကလပ် ရိုးမားအသင်းကနေ လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လီဗာပူးအသင်းနဲ့အတူ ၄၃၅ ပွဲမှာ ၂၅၅ ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အသင်းရဲ့သမိုင်းတစ်လျှောက် တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်နေတာဖြစ်ပါတယ်။

ဒါ့ပြင် တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းဆီ ရောက်ရှိလာခဲ့ပြီးနောက် ဆုဖလား ရှစ်လုံးအထိ  ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မိုဟာမက်ဆာလာဟာ လီဗာပူးအသင်းနဲ့အတူ ပြီးခဲ့တဲ့နှစ် ဧပြီလက နှစ်နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုခဲ့တာကြောင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာလည်း  ဖြစ်ပါတယ်။

ငွေကြယ်