ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းဟာ အသင်းအတွက် အားထားရတဲ့ ဝါရင့်နည်းပြနဲ့ ဝါရင့်အသင်းခေါင်းဆောင်တို့ကို ဆုံးရှုံးရဖို့နဲ့ ရင်ဆိုင်ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ လက်ရှိအသင်းနည်းပြ   ဂွါဒီယိုလာနဲ့  အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားတို့ဟာ   ယခုနွေရာသီအလွန်မှာ မန်စီးတီးအသင်းနဲ့  လမ်းခွဲဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာနဲ့  အသင်းခေါင်းဆောင်  ဘာနာဒိုဆေးလ်ဗားတို့ဟာ မန်စီးတီးအသင်းကို ရောက်ရှိလာချိန်မှာ  အောင်မြင်မှုအရှိဆုံးနည်းပြနဲ့    ကစားသမားလည်း ဖြစ်ပါတယ်။

ဆုဖလား ၁၈ လုံးအထိ ရယူနိုင်ခဲ့

အသင်းခေါင်းဆောင်  ဘာနာဒိုဆေးလ်ဗားဟာ  ယခုဘောလုံးရာသီမှာ  အာဆင်နယ်အသင်းကို အနိုင်ရပြီး  မန်စီးတီးအသင်းအတွက် ကာရာဘောင်ဖလား ရယူပေးနိုင်ခဲ့ရာမှာလည်း အဓိက ကစားသမားအဖြစ်  ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။  ဘာနာဒိုဆေးလ်ဗားဟာ ၂၀၁၇ ခုနှစ်က   မိုနာကို အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့အတူ ဆုဖလား ၁၈ လုံးအထိ  ရယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့် အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားဟာ ကီဗင်ဒီဘရိုင်း၊  ဆာဂျီယိုအဂူရို၊ ဗင်းဆင့် ကွန်ပနီ၊ ဒေးဗစ်ဆေးလ်ဗား စတဲ့ ကစားသမားတွေပြီးရင်  မန်စီးတီးအသင်းမှာ အားထားရတဲ့ ကစားသမားအဖြစ် သတ်မှတ်ထားခံထားရတာလည်း ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားအနေနဲ့ အသင်းအတွက် အားထားရတာကြောင့် ကီဗင်ဒီဘရိုင်းထွက်ခွာသွားခဲ့ပြီးနောက် ယခုဘောလုံး ရာသီအစမှာပဲ မန်စီးတီးအသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားဟာ နည်းပြဂွါဒီယိုလာနဲ့အတူ မန်စီးတီးအသင်းမှာ ကိုးနှစ်ကြာ လက်တွဲခဲ့ပြီးနောက် အီတီဟက်ဒ်နဲ့ လမ်းခွဲဖို့  စီစဉ်ထားတယ်လို့လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက  နည်းပြ ဂွါဒီယိုလာကို ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

အသက်  ၃၁  နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ  ပွဲစဉ် စုစုပေါင်း ၄၅၀ အထိ ပါဝင်ကစားပေးခဲ့ပြီး အဲဒီပွဲစဉ် ၄၅၀ ကလည်း နည်းပြဂွါဒီယိုလာ လက်ထက်မှာ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ  ယခုဘောလုံးရာသီမှာ မန်စီးတီးအသင်းနဲ့အတူ သွင်းဂိုး  သုံးဂိုးနဲ့ ဂိုးဖန်တီးမှုငါးကြိမ်  ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားရဲ့ လက်ရှိ မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ယခု ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၊အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းနဲ့ အမေရိကန်ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ စီစဉ်ထားသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် မန်စီးတီးအသင်းကလည်း  ဘာနာဒိုဆေးလ်ဗားအနေနဲ့ အသင်းကနေထွက်ခွာခဲ့သည် ဖြစ်စေ၊ မထွက်ခွာသည်ဖြစ်စေ နော်တင်ဟမ်ဖောရက်စ်အသင်းကွင်းလယ် ကစားသမား အီးလီယော့ အန်ဒါဆန်ကို စာချုပ်ချုပ်ဆိုသွားဖို့လည်း  ရှိနေတာဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရတော့ မန်စီးတီးအသင်းဟာ ယခုဘောလုံးရာသီကုန်မှာ အသင်းနည်းပြ ဂွါဒီယိုလာနဲ့ အသင်းခေါင်းဆောင် ဘာနာဒိုဆေးလ်ဗားတို့ကို ဆုံးရှုံးရဖို့ရှိနေတာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာနဲ့ အသင်းခေါင်းဆောင် ဘာနာဒို ဆေးလ်ဗားတို့ရဲ့နေရာမှာဘယ်သူတွေနဲ့ အစားထိုးသွားမလဲဆိုတာကတော့   စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်