ယူအီးအက်ဖ်အေ အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့အဖြစ် မတ် ၂၅ ရက် နံနက် ၂ နာရီခွဲက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ်နှင့် နာမည်ကြီး ချယ်ဆီးအသင်းပွဲစဉ်တွင် အာဆင်နယ်အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာနောက် တစ်ဆင့် တက်ရေး အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့သည်။
နာမည်ကြီး ချယ်ဆီးအသင်းသည် ပွဲအစပိုင်းမိနစ်များတွင် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရရှိနိုင်သည့် အခွင့်အရေးများ ဖန်တီးနိုင်ခဲ့သော်လည်း သွင်းဂိုးများအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပေ။ လက်ရှိ အမျိုးသမီးချန်ပီယံလိဂ် ချန်ပီယံ အာဆင်နယ်အသင်းက ချယ်ဆီးအသင်းထက် ဂိုးရရှိနိုင်သည့် အခွင့်အရေးနည်းပါးခဲ့သော်လည်း ထိထိရောက်ရောက်အသုံးချနိုင်ခဲ့ပြီး သွင်းဂိုးများအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ချယ်ဆီးအသင်းသည် ဇန်နဝါရီ ၂၄ ရက်က အာဆင်နယ်အသင်းနှင့် တွေ့ဆုံခဲ့ရာတွင်လည်း နှစ်ဂိုးပြတ်ရှုံးနိမ့်ထားသည်။
အာဆင်နယ်အသင်းအတွက် သွင်းဂိုးများကို ဘလက်စတီးနီးယပ်စ်၊ ကယ်လီနှင့် ရူဆိုတို့က သွင်းယူပေးခဲ့သည်။ ချယ်ဆီးအသင်းအတွက် ချေပဂိုးကို ဂျိမ်းစ်က သွင်းယူပေးခဲ့သည်။ ချယ်ဆီးနှင့် အာဆင်နယ်အသင်းတို့၏ အမျိုးသမီးချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို လာမည့် ဧပြီ ၂ ရက် နံနက်ပိုင်းတွင် စတမ်းဖို့ဒ် ဘရစ်ကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှ မတ် ၂၅ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် ဝုဖ်ဘတ်နှင့် အသင်းကြီး လိုင်ယွန်အသင်းပွဲစဉ်တွင် ဝုဖ်ဘတ်အသင်းက ပွဲချိန် ၁၄ မိနစ်တွင် ရရှိခဲ့သော ဘီရန်စတိုင်း၏ တစ်လုံးတည်းသောသွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အောင်ဇော်


