ရန်ကုန် မတ် ၂၅
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲအဖြစ် အာဖဂန်နစ္စတန်အသင်းနှင့် မြန်မာအသင်းသည် မတ် ၂၆ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုလအတွင်း အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်နှစ်ပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အဝေးကွင်းကစားရမည်ဖြစ်သည်။ သို့သော် အာဖဂန်နစ္စတန်အသင်းသည် အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်းမရှိသလို မြန်မာအသင်းနှင့် ကစားမည့်ပွဲကို ကာတာနိုင်ငံ၌ကစားရန် စီစဉ် ထားသော်လည်း အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် မြန်မာနိုင်ငံတွင်သာ ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်းက ကိုင်တွယ်နေပြီး ပဏာမကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေကာ အာဖဂန်နစ္စတန်အသင်းမှာမူ မြန်မာအသင်းနှင့်ပွဲမတိုင်မီ နည်းပြချုပ် ပြောင်းလဲထားခြင်းဖြစ်သည်။
မြန်မာအသင်းနှင့် အာဖဂန်နစ္စတန်အသင်းသည် ပထမအကျော့တွေ့ဆုံမှုတွင် မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရထားသည်။ လေးပွဲစီ ကစားအပြီးတွင် မြန်မာအသင်းက ခြောက်မှတ်၊ အာဖဂန်နစ္စတန်အသင်းက နှစ်မှတ်ရရှိထားသည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်


