ရန်ကုန် မတ် ၂၄
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း တိုက်စစ်မှူး စန်းသော်သော်နှင့် နောက်ခံလူ ဖြူဖွေးတို့သည် ဖိလစ်ပိုင်ကလပ် စတေလီယွန်လာဂူနာအသင်းတွင် အငှား သွားရောက်ကစားနေပြီး ခြေစွမ်းပြကစားလျက်ရှိသည်။
ယင်းကစားသမားနှစ်ဦးသည် ဖေဖော်ဝါရီလကတည်းက ကာလတိုအငှားစာချုပ်ဖြင့် သွားရောက်ကစားနေပြီး ယခုလကုန်ပိုင်းကျင်းပမည့် အာရှအမျိုးသမီး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်များအတွက် ရည်ရွယ်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမားနှစ်ဦးသည် မြန်မာအမျိုးသမီးလိဂ် ချန်ပီယံ ဧရာဝတီအသင်းမှ ကစားသမားနှစ်ဦးဖြစ်ပြီး ဧရာဝတီအသင်းနှင့် လာဂူနာအသင်းတို့၏ မိတ်ဖက်အစီအစဉ်အရ ကစားသမားများအား အငှားစာချုပ်ဖြင့် ခေါ်ယူနေခြင်းဖြစ်သည်။ စန်းသော်သော်နှင့် ဖြူဖွေးသည် ဖိလစ်ပိုင် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လာဂူနာအသင်း၌ ပုံမှန်နီးပါး ပွဲထွက်ကစားခွင့်ရနေသလို စန်းသော်သော်ကလည်း ခြေစွမ်းပြ ဂိုးများ သွင်းယူနေသည်။
အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ ရှုံးထွက်အဆင့်တွင် ဖိလစ်ပိုင်ကလပ် လာဂူနာအသင်းသည် ဂျပန်ကလပ် တိုကျို ဗာဒီအသင်းနှင့် တွေ့ဆုံနေပြီး မတ် ၂၈ ရက်တွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။
ဖြူဖွေးနှင့် စန်းသော်သော်သည် မြန်မာအမျိုးသမီး ဘောလုံးသမားများတွင် ဝင်းသိင်္ဂီထွန်းနှင့် ခင်မာလာထွန်း နောက်ပိုင်း ပြည်ပထွက်ကစားခွင့်ရသူများအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ ဝင်းသိင်္ဂီထွန်းသည် လက်ရှိအချိန်ထိ ပြည်ပ ကလပ်များတွင် ကစားနေပြီး လက်ရှိတွင် နီပေါကလပ် ဆန်ကာတာအသင်းတွင် ကစားလျက်ရှိသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-SLFC


