ဖိလစ်ပိုင်တင်းနစ်မယ် အဲလက်စ်ဇန္ဒြရာ အယ်လာသည် မိုင်ယာမီအိုးပင်းအမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် နာမည်ကြီး ပိုလန်တင်းနစ်မယ် မက်ဂ်ဒါလင်နက်တီကို အကြိတ်အနယ် ကစားပြီး ၆-၃၊ ၇-၆ (၇-၂) ရလဒ်ဖြင့်   နိုင်ပွဲရရှိကာ  ၁၆  ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။ 

အယ်လာနှင့် လင်နက်တီတို့သည် ယခုပြိုင်ပွဲ မတိုင်မီကျင်းပခဲ့သည့် ASB Classic ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ထိပ်တိုက်တွေ့ဆုံထားပြီး အယ်လာကပင် ၆-၃၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ နောက်တစ်ဆင့်သို့ တက်ရောက်ထားနိုင်သည်။

ထို့အပြင် အယ်လာသည်  ယခုလအစောပိုင်းက ကျင်းပခဲ့သည့် အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲတွင် ၁၆ ဦးအဆင့်အထိ တက်လှမ်းထားသည်။

၎င်းသည် မိုင်ယာမီအိုးပင်းပြိုင်ပွဲ ၁၆ ဦး အဆင့်တွင် ချက်ဇ်တင်းနစ်မယ် မူချိုဗာနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မူချိုဗာသည် ၃၂ ဦးအဆင့်တွင် ဗြိတိန်နာမည်ကြီးတင်းနစ်မယ်  ဘော်လ်တာကို ၆-၃၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ၁၆ ဦးအဆင့် တက်လှမ်းလာသူဖြစ်သည်။

အယ်လာနှင့်အတူ အင်ဒီးယန်းဝဲလ်စ်အိုးပင်းပြိုင်ပွဲ ၁၆ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် အမန်ဒါ အနီဆီမိုဗာ၊ ဘီလင်ဒါ ဘင်းဆစ်၊ ကိုကိုဂါ့ဖ်၊ အန်ဒရေဗာ၊  ဆိုရာနာဆာ စတီယာ၊  ဗစ်တိုးရီးယား အမ်ဘိုကိုတို့ တက်လှမ်းနိုင်ခဲ့သည်။

မိုးဇက်