ရန်ကုန် မတ် ၁၇
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၂) ဒုတိယနေ့ကို မတ် ၁၇ ရက်က ဆက်လက်ကျင်းပရာ မဟာယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ရာသီပိတ် နောက်ဆုံး ပွဲတွင် နိုင်ပွဲရယူခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် မဟာယူနိုက်တက်အသင်းက ဧရာဝတီယူနိုက်တက်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မဟာယူနိုက်တက်အသင်းသည် တိုက်စစ်မှူး ပက်ထရစ်၏ သွင်းဂိုးများဖြင့် နိုင်ပွဲရယူပြီး ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် မျှော်လင့်ချက်ရှိလာပြီး ဟံသာဝတီ ယူနိုက်တက်အသင်း၏ ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
နောက်ဆုံးပွဲဖြစ်သောကြောင့် နှစ်သင်းစလုံး လူစုံအသုံးပြုခဲ့ပြီး မဟာယူနိုက်တက်အသင်းပိုင်ရှင် (ဦး) ဖိုးချစ်မှာမူ လူစားဝင်ကစားခဲ့သည်။
နှစ်သင်းစလုံး ပထမပိုင်းတွင် အပြန်အလှန်သွင်းဂိုးများ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးထပ်သွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ မဟာယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၈၊ ၄၅+၂ မိနစ်တွင် ပက်ထရစ်က သွင်းယူပြီး ဧရာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၂၇ မိနစ်တွင် သီဟက သွင်းယူခဲ့သည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ရာမညယူနိုက်တက်အသင်းကို ငါးဂိုးပြတ်အနိုင်ရခဲ့သည်။ သစ္စာအားမာန်အသင်းသည် တန်းဆင်းသွားရပြီဖြစ်သည့် ဇယား အောက်ဆုံးမှ ရာမညယူနိုက်တက်အသင်းကို ဂိုးပြတ်သွင်းပြီး ဂိုးပြတ်နိုင်ပွဲဖြင့် ရာသီပိတ်သိမ်းခဲ့ သည်။ သစ္စာအားမာန်အသင်းအတွက် အနိုင်ဂိုးများကို ၁၁၊ ၂၀ မိနစ်တွင် ပြည့်စုံအောင်၊ ၂၄၊ ၉၀+၃ မိနစ်တွင် ရှိုင်းဝဏ္ဏအောင်၊ မိနစ် ၅၀ တွင် မြတ်ဘုန်းခန့်တို့က သွင်းယူခဲ့သည်။
ပွဲစဉ် (၂၂) နောက်ဆုံးနေ့ကို မတ် ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး တောင်ကြီးကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MNL


