မတ် ၁၂ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ဟာ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲတွေရရှိခဲ့ ပေမယ့် အာဆင်နယ်အသင်းကတော့ အဝေးကွင်းမှာ  သရေရလဒ်သာ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချယ်လ်ဆီးအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့်  အနိုင်ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတွေကို ဘာကိုလာက တစ်ဂိုး၊ ဒမ်ဘီလီက တစ်ဂိုး၊ ဗီတင်ဟာက တစ်ဂိုးနဲ့  ဗာရက်ခီလီယာက နှစ်ဂိုး  အသီးသီးသွင်းယူပေးခဲ့ကာ ချယ်လ်ဆီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ဂတ်စတိုနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းကတော့ မန်စီးတီးအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးသုံးဂိုးစလုံးကို ဗယ်လ်ဗာဒီတစ်ဦးတည်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးကွင်းလယ်ကစားသမား ဗယ်လ်ဗာဒီဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ အခုပွဲစဉ်မတိုင်မီက ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်အထိ ရှိခဲ့တာဖြစ်ပါတယ်။

သရေရလဒ်ထွက်ပေါ်

အာဆင်နယ်အသင်းကတော့ လေဗာကူဆင်အသင်းရဲ့ အိမ်ကွင်းကို သွားရောက်ကစားခဲ့ရာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ   လေဗာကူဆင်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို  အန်းဒရစ်က သွင်းယူပေးခဲ့တာဖြစ်ပြီး   အာဆင်နယ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ ကိုင်ဟာဗက်ဇ်က ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အခြားသောပွဲစဉ်မှာတော့ ဘိုဒိုအသင်းက စပို့တင်းအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ငွေကြယ်