နာမည်ကြီး အာဆင်နယ်အသင်းသည် ပရီမီယာလိဂ်ပွဲစဉ်(၂၉) တွင် ဘရိုက်တန်အသင်းကို ဆာကာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိကာ  ဒုတိယနေရာမှ   မန်စီးတီးအသင်းထက် တစ်ပွဲပိုကစားပြီး ၇ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ရမှတ်ပြတ်ဦးဆောင်နိုင်ခဲ့သည်။ အဆိုပါ ပွဲစဉ်ကို မတ် ၅ ရက် နံနက် ၂ နာရီက ဘရိုက်တန်အသင်းအိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၃၁၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။

ဘရိုက်တန်အသင်းသည် အိမ်ကွင်းအားသာချက်ကို အသုံးချကာ အာဆင်နယ်အသင်းကို  ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးရရှိရန် နီးစပ်သည့်အခွင့်အရေးဖန်တီးနိုင်မှုအသာဖြင့်   ပွဲချိန်အများစု   ထိန်းချုပ်ကစားနိုင်ခဲ့သည်။

သို့သော်လည်း အာဆင်နယ်အသင်းက ရရှိလာသည့်အခွင့်အရေးကို အမိအရအသုံးချကာ သွင်းဂိုးအဖြစ် ပြောင်းလဲပြီး ရမှတ်အပြည့် စုဆောင်းနိုင်ခဲ့သည်။ အာဆင်နယ်အသင်းသည်  ယခုနိုင်ပွဲကြောင့် ပရီမီယာလိဂ် နိုင်ပွဲ ၂၀ နှင့်အတူ ရမှတ် ၆၇ မှတ်ဖြင့် အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့သည်။ ဘရိုက်တန်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ခြောက်ပွဲတွင် ရှုံးပွဲလေးပွဲရှိလာပြီ ဖြစ်သည်။

အက်စ်တွန်ဗီလာနှင့် ချယ်ဆီးအသင်းပွဲစဉ်တွင် ချယ်ဆီးက ဂျာအိုပက်ဒရို၏ သွင်းဂိုးများနှင့် အတူ လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဖူလ်ဟမ်နှင့် ဝက်စ်ဟမ်းအသင်းပွဲစဉ်တွင် ဝက်စ်ဟမ်းက   ဆမ်မာဗီလီ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ ဝက်စ်ဟမ်းအသင်းသည် အဆိုပါ နိုင်ပွဲကြောင့် တန်းဆင်းဇုန်မှ လွတ်မြောက်ရေးအခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့သည်။ နယူးကာဆယ်နှင့်    မန်ယူအသင်းပွဲစဉ်တွင်   တစ်ယောက်လျော့ နယူးကာဆယ်အသင်းက လူစားဝင် တိုက်စစ်ကစားသမား အိုဆူလာ၏ နောက်ကျသွင်းဂိုးကြောင့် နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။  ဂွါဒီယိုလာ၏ မန်စီးတီးနှင့် နော်တင်ဟမ် ဖောရက်စ်အသင်းပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီဖြင့်   ပွဲပြီးဆုံးခဲ့သည်။                         

အောင်ဇော်