လွိုင်လင်   မတ်   ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင် ခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်း ဆင်းပွဲကို ယနေ့  မွန်းလွဲပိုင်းက  ခရိုင်လေ့ကျင့်ရေး အားကစားခန်းမ၌ ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်     တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

ဦးစွာ   ခရိုင်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တစ်မျိုးသားလုံး  ကျန်းမာကြံ့ခိုင်ရေးနှင့်  ပညာရည်မြင့်မားရေးအတွက် ကျန်းမာသန်စွမ်းသည့် ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာစေရေး၊ နွေရာသီအားလပ်ရက်များတွင်  အချိန်ကို  အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ အားကစားသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းအလိုက် သင်တန်းဆင်းလက်မှတ်များနှင့်  ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား  ခရိုင်အုပ်ချုပ်ရေးမှူး၊  မြို့နယ်အုပ်ချုပ်ရေးမှူး၊   အားကစားနှင့်  ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မိုးမောင်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများချီးမြှင့်သည်။

အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းတွင် ဘော်လီဘော၊  ဘောလုံး၊  ကြက်တောင်၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း စသည့် အားကစားနည်း ခြောက်မျိုးကို ဖေဖော်ဝါရီ ၁၂  ရက်မှ  ယနေ့အထိ  ဖွင့်လှစ်သင်ကြားခဲ့ရာ  ကျောင်းသား ကျောင်းသူ ၂၈၉ ဦး တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး