နေပြည်တော် မတ် ၂
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစားသုံးမှုအတွက် ဆန်စားရေရိက္ခာဖူလုံစေရန်၊ ပြည်တွင်းဆန်ဈေးကွက် တည်ငြိမ်စေရန်နှင့် မျိုးကောင်းမျိုးသန့် အရည်အသွေးကောင်းဆန်များကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် မူဝါဒများချမှတ်ခဲ့ရာ ယခုအခါ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးရာသီမှ စတင်၍ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စုနှင့် ကြာပင်ကျေးရွာအုပ်စုတို့တွင် ပြည်ပတင်ပို့မည့် ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရေးဇုန် (Rice Export Zone) အဖြစ် ဧက ၅၀၀ စိုက်ပျိုးထုတ်လုပ်သွားမည် ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“နိုင်ငံတော်က တစ်ဧကကို ကျပ်နှစ်သိန်းခွဲနဲ့ညီမျှတဲ့ သွင်းအားစု ကွန်ပေါင်းတစ်အိတ်၊ ပုလဲဓာတ်မြေဩဇာ တစ်အိတ်တို့ကို အသုံးပြုဖို့ အတိုးမဲ့ဆောင်ရွက်ပေးထားပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီကလည်း တစ်ဧကကို ကျပ်နှစ်သိန်းနှုန်းနဲ့ စိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးထားပြီး စပါးပေါ်တဲ့အခါ ပေါက်ဈေးနဲ့ဝယ်ယူသွားမှာ ဖြစ်ပါတယ်။ (Rice Export Zone)က တောင်သူ ၁၄၁ ဦးနဲ့ ဧက ၅၀၀ စိုက်ပျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်သူအကြိုက် မျိုးသုံးမျိုး ပေးထားပါတယ်။ နှံကောက်၊ အောင်နိုင်တိုးနဲ့ GW-11 ပါ၊ ကိုယ်ကြိုက်တဲ့မျိုး တစ်မျိုးကို ဧက ၅၀ တစ်ကွင်း တစ်ဆက်တည်းစိုက်ပျိုးသွားရမှာ ဖြစ်ပါတယ်” ဟု ဒက္ခိဏသီရိမြို့နယ် ဦးစီးမှူး ဦးမြင့်နိုင်က ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် (Rice Export Zone)တွင် ပါဝင်စိုက်ပျိုးထုတ်လုပ်သွားမည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစုများ အချိန်မီရရှိရေး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် နည်းပညာပေးလုပ်ငန်းများအပြင် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုမရှိစေရန် ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်းစနစ်များကိုလည်း ကွင်းဆင်းဆောင်ရွက်ပေးထားပြီးဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MAPCO) ကုမ္ပဏီနှင့် ဒေသခံတောင်သူတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စပါးပေါ်ချိန်တွင် ဒေသပေါက်ဈေးဖြင့် စပါးအားလုံး ဝယ်ယူသွားမည်ဖြစ်ကြောင်းနှင့် (Rice Export Zone) အတွက် စိုက်ပျိုးရေကို နေပြည်တော် ငလိုက်ဆည်မှ စတင်ပေးဝေနေပြီဖြစ်ကြောင်း သိရသည်။
ကိုပေါက်(ဥက္ကာမြေ)


