နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင်နှင့် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ဘွဲ့ကြိုပဉ္စမနှစ်များတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ဘွဲ့ရမောင်မယ်များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ တက္ကသိုလ်ပညာရေး အဖွဲ့ဝင်များ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဆုရရှိသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဘွဲ့ရမောင်မယ်များအနေဖြင့် မိမိတို့ဝန်ကြီးဌာနအောက်ရှိ လုပ်ငန်းဌာနအသီးသီးသို့ လုပ်ငန်းခွင်ဝင်ရောက် တာဝန်ထမ်းဆောင်ရာ၌ မိမိတို့တတ် မြောက်ထားသည့် ပညာရပ်များကို အသုံးချလျက် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရုံသာမက မျက်မှောက်ခေတ် ကာလကိုလည်း မျက်ခြည်ပြတ်မခံဘဲ AI (Artificial Intelligence) ကဲ့သို့သော နည်းပညာဆိုင်ရာသတင်းအချက်အလက် တိုးတက်လာမှုများကိုလည်း အမြဲမပြတ် လေ့လာဆည်းပူးလျက် မိမိတို့ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို ပိုမိုထိရောက် အောင်မြင်နိုင်စေရေးအတွက် ဆက်လက်အသုံးချ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မိမိတို့တတ်မြောက်ထားသည့် သစ်တောနှင့်ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေး ဆိုင်ရာ ပညာရပ်များကို လက်တွေ့အသုံးချပြီး ပေးအပ်လာသည့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်ကြရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားပြီး သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၏ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အထိ ဘွဲ့ကြိုပဉ္စမနှစ်များတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူ ဘွဲ့ရမောင်မယ်များအား ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အထိ ဘွဲ့ကြိုပဉ္စမနှစ်များတွင် ထူးချွန်စွာအောင်မြင်ပြီးမြောက်ခဲ့ကြသည့် ဘွဲ့ရမောင်မယ်များအား သိပ္ပံဘွဲ့ (သစ်တော) နှင့် မဟာသိပ္ပံဘွဲ့ (သစ်တော) လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်