ရန်ကုန် ဖေဖော်ဝါရီ ၂၃
Yoma Group မှ စီစဉ်ကျင်းပသော ၂၀၂၆ ခုနှစ် ရိုးမ-ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အမျိုးသားအားကစားရုံ(၁) သုဝဏ္ဏ၌ ကျင်းပရာ အပြေးသမား ၇၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ယင်းပြိုင်ပွဲ၏ ၅ ကီလိုမီတာ (အပျော် တမ်းပြေးပွဲ)ပြိုင်ပွဲကို အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁)မှ တာထွက်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၎င်းမှ လာလမ်းအတိုင်းလည်းကောင်း၊ ၁၀ ကီလိုမီတာ(စိန်ခေါ်ပြေးပွဲ)ပြိုင်ပွဲကို အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှ တာထွက်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ စက်ရုံလမ်း၊ ဗညားဒလလမ်း၊ ကျိုက္ကဆံလမ်း၊ ပင်ရွှေညောင်လမ်း၊ လေးထောင့်ကန်လမ်း မှ ဝေဇယန္တာလမ်းအတိုင်း လည်းကောင်း၊ ၂၁ ကီလိုမီတာ (တစ်ဝက်မာရသွန်)ပြိုင်ပွဲကို အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှ တာထွက်ပြီး ဝေဇယန္တာလမ်း၊ သံသုမာလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ မဟာဗန္ဓုလလမ်း၊ စန္ဒကူးလမ်း၊ ကမ်းနားလမ်း၊ ရွှေတိဂုံဘုရားလမ်း၊ ဦးထောင်ဘိုလမ်း၊ ကန်ရိပ်သာလမ်း၊ ဗညားဒလလမ်း၊ ကျိုက္ကဆံလမ်း၊ ပင်ရွှေညောင်လမ်း၊ လေးထောင့်ကန် လမ်း၊ ၎င်းမှ ဝေဇယန္တာလမ်းအတိုင်းလည်းကောင်း ပြေးလမ်းကြောင်း သတ်မှတ်ပြေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ တစ်ဝက်မာရသွန် ၂၁ ကီလို မီတာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဦးဆုံး ပန်းဝင်သည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အတွက် ပထမဆုငွေကျပ် သိန်း ၃၀၊ ဒုတိယဆုငွေ ကျပ် သိန်း ၂၀၊ တတိယဆုငွေကျပ် ၁၅ သိန်း၊ စတုတ္ထမှ ဒသမအထိ တစ်ဦးလျှင် ငွေကျပ် ငါးသိန်းစီတို့အားလည်းကောင်း၊ စိန်ခေါ်ပြေးပွဲ ၁၀ ကီလိုမီတာ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဦးဆုံးပန်းဝင်သည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့အတွက် ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၀ သိန်း၊ တတိယ ဆုငွေကျပ် ၅ သိန်း၊ စတုတ္ထမှ ဒသမအထိ တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီတို့နှင့် မည်သည့်ပြိုင်ပွဲအမျိုးအစားမဆို သတ်မှတ်ချိန်အတွင်း ပန်းဝင်သူတို့အတွက် ဆုတံဆိပ်တစ်ခုစီတို့အား တာဝန်ရှိသူတို့က ပေးအပ်ချီးမြှင့်ကြသည်။
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ရန်ကုန်မြို့၌ ရှစ်ကြိမ် ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ကိုးကြိမ်မြောက်အဖြစ် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
MT


