ယမန်နေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ် ဂျက်ဆီကာပဲဂူလာက ယူကရိန်း တင်းနစ်မယ် အယ်လီနာစဗစ်တိုလီနာကို ၆-၂၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင် ခဲ့သည်။
အသက် ၃၁ နှစ်အရွယ်ရှိ ပဲဂူလာသည် ပြိုင်ပွဲတစ်လျှောက်တွင် ဂရာချီဗာ၊ ဂျိုဗစ်၊ တော်ဆန်၊ အနီဆီမိုဗာတို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ နောက်ဆုံး ဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။ ဗိုလ်လုပွဲတွင်လည်း စဗစ်တိုလီနာကို ထပ်မံအနိုင်ယူကျော်ဖြတ်ကာ ဒဗလျူတီ အေဆုဖလားကို ၁၀ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပဲဂူလာသည် ယခုပြိုင်ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သည့် ဘရစ္စဘိန်းနှင့် ဩစတြေးလျအိုးပင်း ပြိုင်ပွဲတို့တွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်သူဖြစ်သည်။
ပြိုင်ဘက်စဗစ်တိုလီနာသည် ဆီမီးဖိုင်နယ်တွင် အမေရိကန်တင်းနစ်မယ် ကိုကိုဂါ့ဖ်ကို အကြိတ်အနယ်ကစားပြီး ၆-၄၊ ၆-၇ (၁၃-၁၅)၊ ၆-၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သော်လည်း ပဲဂူလာကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ရသည်။
မိုးဇက်


