နေပြည်တော် ဖေဖော်ဝါရီ ၂၂
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းယှဉ်ပြိုင်မည့် ၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှစတင်ကာ ထိုင်းနိုင်ငံ နာခွန်ရတ်ချာစီမာမြို့၌ ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အသင်းခုနစ်သင်းယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင်ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အုပ်စု (B) တွင် ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ သြစတြေးလျအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဖေဖော်ဝါရီ ၂၅ ရက်တွင် သြစတြေးလျအသင်း၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန် ဇန်နဝါရီ တတိယပတ် ကတည်းက ပဏာမကစားသမား ၃၀ ကျော်ဖြင့် စခန်းဝင်လေ့ကျင့်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဒေါ်ဝါဝါခိုင်က တာဝန်ယူကိုင်တွယ်နေသည်။ မြန်မာအသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်ကစားခဲ့ပြီး ထိုင်းအမျိုးသမီးဖူဆယ်အသင်းဖြစ်သည့် ကန်ဆမ်ဘမ်ဒစ် တက္ကသိုလ်အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့သည်။ မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၆ အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ရှိုင်းထက်ဇော်


