စပိန်လာလီဂါပွဲစဉ် (၂၃) အဖြစ် ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခွဲ က Estadio de Mestalla ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ဗလင်စီယာနှင့် ရီးရဲမက်ဒရစ်အသင်းပွဲစဉ်တွင် ရီးရဲမက်ဒရစ်အသင်းက ကာရီရက်စ်၊ အမ်ဘာပေတို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုးပြတ်အနိုင်ရရှိကာ အမှတ်ပေးဇယား ဦးဆောင်သူ ဘာစီလိုနာအသင်းကို ထက်ကြပ်မကွာ ဖိအားပေးလျက်ရှိသည်။
ရီးရဲမက်ဒရစ်အသင်းသည် ပြိုင်ဘက်ဗလင်စီယာအသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် မိနစ် ၆၀ ကျော်အထိ သွင်းဂိုးရရှိရေး ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသည်။ တန်းဆင်းဇုန်အထက်တွင် ပြတ်သားသောရလဒ်ဖြင့် ရပ်တည်နိုင်ရေး ခြေကုန်ထုတ်လာသော ဗလင်စီယာအသင်းသည် နာမည်ကြီး ရီးရဲမက်ဒရစ်အသင်း၏ ဖိအားပေးကစားမှုကြောင့် အသင်းကစားပုံဟန်ချက်ပျက်ခဲ့ပြီး နှစ်ဂိုးပြတ် ရှုံးပွဲကြုံတွေ့ခဲ့သည်။
ဗလင်စီယာအသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် နောက်ဆုံး သုံးပွဲဆက်ရှုံးနိမ့်မှုနှင့် ကြုံတွေ့ခဲ့ရသည့်အပြင် တန်းဆင်းဇုန်မှ ဗယ်လက်ကာနိုအသင်းထက် တစ်ပွဲပိုကစားပြီး တစ်မှတ် အသာရမှတ် ၂၃ မှတ်ဖြင့် အဆင့် (၁၇)တွင် ရပ်တည်နေသည်။
ရီးရဲမက်ဒရစ်အသင်းက ယခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားဦးဆောင်သူ ဘာစီလိုနာအသင်းနှင့် ရမှတ်ကွာဟမှု လျှော့ချနိုင်ခဲ့ပြီး အဆင့်(၂) နေရာမှ အနီးကပ်ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့သော အဓိက တိုက်စစ်ကစားသမား အမ်ဘာပေသည် ယခုနှစ်ရာသီ လာလီဂါသွင်းဂိုး ၂၃ ဂိုးအထိရှိလာပြီဖြစ်သည်။ ထို့ပြင် အမ်ဘာပေသည် ယခုနှစ်ရာသီပြိုင်ပွဲ အရပ်ရပ် သွင်းဂိုးပေါင်း ၃၈ ဂိုးအထိရှိလာပြီလည်းဖြစ်သည်။
အခြားပွဲစဉ်ရလဒ်များတွင် ဂီတာဖေးက အလာဗက်စ်ကို နှစ်ဂိုး-ဂိုးမရှိ၊ ဘီလ်ဘာအိုက လီဗန်တေးကို လေးဂိုး - နှစ်ဂိုး၊ ဘက်တစ်က အက်သလက်တီကိုမက်ဒရစ်ကို တစ်ဂိုး - ဂိုးမရှိဖြင့် နိုင်ပွဲ အသီးသီးရရှိခဲ့ပြီး ဆီဗီလာနှင့် ဂျီရိုနာအသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။
အောင်ဇော်


