ကဘူးလ်  ဖေဖော်ဝါရီ  ၉

အာဖဂန်နစ္စတန်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် ဒုတိယအကြီးဆုံးလုပ်ငန်းဖြစ်သော ကော်ဇောလုပ်ငန်းသည် လူပေါင်း ၁  ဒသမ  ၂  သန်းကို  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကြောင်းနှင့်  အသက်မွေးဝမ်းကျောင်းပြုစေနိုင်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ ကော်ဇောထုတ်လုပ်သူများကိုယ်စားပြု သမဂ္ဂအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယခင်က ကော်ဇောလုပ်ငန်းကို   ပြည်နယ်ငါးခုမှ    ခြောက်ခုလောက်အထိသာ  လုပ်ကိုင်ခဲ့ရာမှ   ယခုအခါ အာဖဂန်နစ္စတန်နိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် ရိုးရာလုပ်ငန်းကြီး မပျောက်ပျက်စေရန်နှင့် ဆက်လက်ရှင်သန်ထွန်းကားနေစေရန် ကော်ဇောလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင် လုပ်ဆောင်နေကြပြီဟု မိုဟီဘူလာကိုဟီက အာဖဂန်နစ္စတန်နိုင်ငံ၏ တရားဝင်ရေဒီယိုနှင့် ရုပ်မြင်သံကြားသို့ ဖေဖော်ဝါရီ ၉ ရက်တွင် ပြောကြားသည်။

အာဖဂန်နစ္စတန်နိုင်ငံ၏ ကော်ဇောလုပ်ငန်းမှာ ဆယ်စုနှစ်လေးစုကျော်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့်  ထိခိုက်ပျက်စီးမှုများရှိခဲ့သော်လည်း လက်လုပ်ကော်ဇောများသည် ကမ္ဘာတစ်ဝန်းတွင်  လူကြိုက်များနေဆဲဖြစ်ကြောင်း  သိရသည်။

ရိုးရာကော်ဇောလုပ်ငန်းသည် မကြာသေးမီနှစ်များအတွင်း ပြန်လည်ဖြစ်ထွန်းအောင်မြင်လာနေပြီး တရုတ်၊ ဥရောပ၊ အမေရိကန်ပြည်ထောင်စုနှင့်   အာရပ်နိုင်ငံများအပါအဝင် နိုင်ငံခြားဈေးကွက်ကိုပါ ရရှိပိုင်ဆိုင်လာနေပြီဖြစ်သည်။                                                                                  

ဆင်ဟွာ