ရီမီယာလိဂ်ပွဲစဉ်(၂၄)မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် နာမည်ကြီး လီဗာပူးနှင့် နယူးကာဆယ်အသင်းပွဲစဉ်ကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၂ နာရီခွဲက အန်းဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူးအသင်းက တိုက်စစ်ခြေစွမ်းပြပြီး လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

နယူးကာဆယ်အသင်းသည် ပွဲချိန် ၃၆ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးနှင့် အနိုင်ဂိုးများ ခွင့်ပြုပေးခဲ့ရသည့်အတွက် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရသည်။ နယူးကာဆယ်အသင်းသည် ယခုပွဲစဉ်ရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာလိဂ်ရှုံးပွဲ ကိုးပွဲရှိလာပြီ ဖြစ်သည်။

လီဗာပူးအသင်း တိုက်စစ်ကစားသမား ဟူဂိုအီကီတီကေး အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုးများကြောင့် ၎င်း၏ ပရီမီယာလိဂ် သွင်းဂိုး ၁၀ ဂိုးရှိလာပြီ ဖြစ်သည်။

နယူးကာဆယ်အသင်းသည် ၁၉၉၄ ခုနှစ်နောက်ပိုင်း အန်းဖီးလ်ကွင်းတွင် လိဂ်နိုင်ပွဲရယူထားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပွဲချိန်တစ်လျှောက်တွင် အိမ်ရှင် လီဗာပူးအသင်းကသာ ဂိုးပေါက်ခြိမ်းခြောက်မှုအသာ၊ ဂိုးရရှိနိုင်သည့် အခွင့်အရေးဖန်တီးမှုအသာဖြင့် ပွဲချိန်ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပြိုင်ဘက် နယူးကာဆယ်အသင်းက တုံ့ပြန်တိုက်စစ်ဆင်မှုအချို့သာ ပြုလုပ်နိုင်ခဲ့သည်။ လီဗာပူးအသင်းသည် ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့ သည့်အတွက် နိုင်ပွဲ ၁၁ ပွဲနှင့်အတူ ရမှတ် ၃၉ မှတ် စုဆောင်းရရှိလာပြီဖြစ်သည်။

အခြားပွဲစဉ်ရလဒ်များတွင် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်က လိဒ်စ်ကို လေးဂိုး-ဂိုးမရှိ၊ ဘုန်းမောက်က အမှတ်ပေးဇယားအောက်ဆုံးမှ ဝုဖ်ကို နှစ်ဂိုး - ဂိုးမရှိ၊ နာမည်ကြီး ချယ်ဆီးက ဝက်စ်ဟမ်းကို သုံးဂိုး-နှစ်ဂိုးဖြင့် နိုင်ပွဲအသီးသီးရရှိခဲ့ပြီး ဘရိုက်တန်နှင့် အဲဗာတန်အသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။

အောင်ဇော်