ဇန်နဝါရီ ၂၉
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်တွင် လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း ၎င်းတို့၏ တိုက်ခိုက်ရေးလေယာဉ်တစ်စင်း ယနေ့မနက်ပိုင်းကပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းလေတပ် (RTAF) က ပြောကြားခဲ့သည်။
တပ်ရင်း ၄၁ တွင် တာဝန်ကျသော AT-6TH လေယာဉ်သည် ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အနောက်တောင်ဘက် ၆၀ ကီလိုမီတာခန့်အကွာရှိ ချွမ်သောင်ခရိုင်တွင် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပျက်ကျသွားကြောင်း လေတပ်ပြောရေးဆိုခွင့်ရှိသူ Chakkrit Thammavichai က ပြောကြားခဲ့သည်။
မတော်တဆမှုဖြစ်ပွားချိန်တွင် လေယာဉ်မှူးများသည် တိုက်ခိုက်ရေးရှာဖွေရေးနှင့် ကယ်ဆယ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေခဲ့ကြောင်းနှင့် ပျက်ကျသည့်နေရာအနီးတစ်ဝိုက်တွင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် ပစ္စည်းပျက်စီးဆုံးရှုံးမှုများ မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အာဏာပိုင်များသည် မတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းအတိအကျကို ဆုံးဖြတ်ရန် လေကြောင်းဘေးကင်းရေးစံနှုန်းများကို သေချာစွာနှင့် တိကျစွာလိုက်နာကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ထိုလေတပ်သည် လေယာဉ်မှူးများ၏ မိသားစုများအား ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး အကူအညီအပြည့်အဝပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


