ရန်ကုန် ဇန်နဝါရီ ၂၈
၂၀၂၅-၂၀၂၆ ရာသီ မြန်မာ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၇) ကို ဇန်နဝါရီ ၂၆ ရက်၊ ၂၇ ရက်က ကျင်းပရာ ပြိုင်ပွဲပြီးဆုံးရန် တစ်ပွဲအလိုတွင် ဧရာဝတီအသင်းက လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းကို သုံးမှတ်ဖြတ်ပြီး ဦးဆောင်လျက်ရှိသည်။
ပွဲစဉ် (၁၇) တွင် ဧရာဝတီအသင်းက ရှမ်းယူနိုက်တက်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ သစ္စာအားမာန်အသင်းက Young Lionesses အသင်းကို ငါးဂိုးပြတ်အနိုင်ရပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် အား/ကာသိပ္ပံ အသင်း နှစ်ဂိုးစီသရေ၊ YREO အသင်းနှင့် မြဝတီအသင်း တစ်ဂိုးစီသရေကျခဲ့သည်။ လက်ရှိချန်ပီယံ အား/ကာသိပ္ပံအသင်းသည် ပြိုင်ပွဲပြီးဆုံးခါနီးတွင် ဆက်တိုက်ခြေချော်ပြီး နှစ်ပွဲ ဆက်တိုက်သရေကျခဲ့ သဖြင့် ဧရာဝတီအသင်းနှင့် သုံးမှတ်ပြတ်သွားခဲ့သည်။
သို့သော် ချန်ပီယံဆုကာကွယ်ခွင့်ရှိသေးပြီး ဧရာဝတီအသင်းနှင့် ထိပ်တိုက်တွေ့ဆုံမည့် နောက်ဆုံးပွဲတွင် အနိုင်ကစားနိုင်ပါက ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဗိုလ်စွဲမည်ဖြစ်သည်။ သုံးမှတ်အသာရထားသည့် ဧရာဝတီအသင်းမှာမူ သရေကစားနိုင်ရုံဖြင့် ချန်ပီယံဆုအား ပထမဆုံးရယူနိုင်မည်ဖြစ်သည်။
ပွဲစဉ် (၁၇) အပြီးတွင် ဧရာဝတီအသင်းက ၃၉ မှတ်၊ အား/ကာသိပ္ပံအသင်းက ၃၆ မှတ်၊ သစ္စာအားမာန်အသင်းက ၃၃ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၃၀၊ ရှမ်းယူနိုက်တက်အသင်းက ၂၄ မှတ်၊ YREO အသင်းက ၁၂ မှတ်၊ မြဝတီအသင်းက ကိုးမှတ်၊ Young Lionesses အသင်းက ရှစ်မှတ်၊ ရန်ကုန်စီးတီးအသင်းက တစ်မှတ်ရရှိထားသည်။ နောက်ဆုံးပွဲစဉ် (၁၈) ကို ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့၏ ချန်ပီယံဆု အဆုံးအဖြတ်ပွဲကို ဇန်နဝါရီ ၃၁ ရက်တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MWL


