ရန်ကုန်     ဇန်နဝါရီ     ၂၇

(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို  ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား (ခိုရတ်)မြို့တို့တွင် ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ရာ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင်သော မသန်စွမ်းအားကစားအဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများသည်  အားကစားနည်း  ၁၁  နည်းတွင်  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခု နှင့် ကြေးတံဆိပ် ၂၀ ဖြင့် စုစုပေါင်း ဆုတံဆိပ် ၅၉ ခုကို ဆွတ်ခူးရရှိခဲ့ ကြသည်။

မြန်မာနိုင်ငံမှ  မသန်စွမ်းအားကစားအဖွဲ့သည် ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံတွင်  အဆင့်(၆) နေရာ၌ ရပ်တည်နိုင်ခဲ့ပြီး အားကစားကဏ္ဍဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်စွမ်းဆောင်ပေးခဲ့ကြသော မသန်စွမ်းအားကစားသမားများသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့  ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊  ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား   ကျောင်းသူများ၊  ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုး မိတ်သင်္ဂဟများနှင့် အားကစားဝါသနာရှင် မိဘပြည်သူများက   အိုးစည်၊ ဒိုးပတ်များ၊ အောင်သပြေပန်းစည်းများနှင့် စံပယ်ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ  ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထိုကဲ့သို့ အောင်မြင်မှုဆုတံဆိပ်များ ပွေ့ပိုက်ယူဆောင်ခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် မသန်စွမ်းအားကစားသမားများနှင့် တာဝန်ရှိသူတို့၏ ဝမ်းမြောက်ဂုဏ်ယူဖွယ်  ဝမ်းသာပီတိစကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်-

ဗိုလ်ချုပ်လှမိုး

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ

ကျွန်တော်တို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်အနေနဲ့ (၁၃)ကြိမ်‌မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ အားကစားနည်း ၁၁ မျိုးမှာ အားကစားသမား ၉၇ ဦး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ ဆုတံဆိပ်အနေနဲ့ ရွှေ ၂၀၊ ငွေ ၁၉ ခုနဲ့ ကြေး ၂၀ စုစုပေါင်း ၅၉ ခုရရှိခဲ့တာကြောင့်    နိုင်ငံအလိုက်အနေနဲ့ အဆင့်(၆)မှာ ရှိပါတယ်။   ၂၀၀၈ နောက်ပိုင်းက စပြီး ရွှေတံဆိပ်ဆုတွေ   ပိုမိုရရှိလာအောင် မြန်မာနိုင်ငံမသန်စွမ်း အားကစားအဖွဲ့ချုပ်အနေနဲ့ ပြုပြင်ပြောင်းလဲမှုနှင့်အတူ နည်းစနစ်ပိုင်းဆိုင်ရာပြောင်းလဲမှုနဲ့ လေ့ကျင့်မှုပိုင်းကိုလည်း ပိုမိုအားထုတ်ခဲ့တဲ့အတွက်  တိုးတက်လာမှုကို တွေ့ရပါတယ်။  အထူးသဖြင့် ဘော်လီဘောအားကစားနဲ့ ယခင်ပြိုင်ပွဲကတည်းက ရွှေမျှော်မှန်းခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာ  ပိုပြီးအားထုတ်လေ့ကျင့်ခဲ့တာကြောင့် ဒီပြိုင်ပွဲမှာ မျှော်မှန်းထားတဲ့ရွှေကို ထိုက်ထိုက်တန်တန်နဲ့  ရခဲ့တဲ့အတွက်  ဝမ်းသာပီတိဖြစ်ရပါတယ်။

ဘောလုံးမှာလည်း ကျန်တဲ့နိုင်ငံတွေကို နိုင်ခဲ့ပေမယ့်  အိမ်ရှင်ကို တစ်ဂိုး-ဂိုးမရှိနဲ့   ရှုံးခဲ့တဲ့အတွက် ငွေပဲရခဲ့ပါတယ်။  ကျန်တဲ့ အားကစားနည်းဖြစ်တဲ့ ပြေးခုန်ပစ်မှာ ရွှေ ၁၄ ခု မှန်းထားပေမယ့် ၁၁ ခုရခဲ့တယ်။ ရေကူးမှာ ရွှေလေးခုမှန်းထားပေမယ့် ရှစ်ခုရခဲ့တယ်။ ကျန်တဲ့အားကစားတွေမှာ  ငွေနဲ့ကြေးတံဆိပ်ဆုတွေ အသီးသီးရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ အောင်မြင်ရမယ်ဆိုတဲ့စိတ်နဲ့ ကြိုးစားခဲ့ပြီး တပ်မတော်သားဖြစ်တဲ့အတွက်  တပ်မတော်က လေ့ကျင့်ပေးတဲ့အပေါ် အခြေခံပြီး အားကစားသမားတွေကို လေ့ကျင့်ပေးရာမှာ  စနစ်တကျလေ့ကျင့်ပေးခဲ့ပါတယ်။ အောင်မြင်မှုရရှိဖို့ဆိုရင် လေ့ကျင့်မှုဟာ  အဓိကကျပါတယ်။ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှ ရဲရင့်၊  ရဲရင့်မှ  အောင်ပွဲဆင်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လေ့ကျင့်သားပြည့်ဝခဲ့တဲ့အတွက်  မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်အနေနဲ့ (၁၃)ကြိမ်‌မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ၂၀ အပါအဝင် ဆုတံဆိပ် ၅၉ ခုကို အားကစားကဏ္ဍအနေနဲ့ နိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ညီညီလင်းထက် (ရေကူးအားကစား၊ ရွှေတံဆိပ် ၄ ခု)

ကျွန်တော်က ရေကူးအားကစားနည်းဖြစ်တဲ့ မီတာ ၂၀၀၊ မီတာ ၁၀၀၊ မီတာ ၅၀ အလွတ်ကူးနဲ့ မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွေမှာ ရွှေတံဆိပ်လေးခု ရရှိခဲ့ပါတယ်။ ပြိုင်ပွဲအတွက် နည်းပြများရဲ့ သင်ကြားမှုကို စနစ်တကျလိုက်နာဆောင်ရွက်ခဲ့တာဖြစ်တဲ့အတွက် အောင်မြင်မှုရရှိခဲ့တာပါ။ အဓိက ယှဉ်ပြိုင်ရတာက ထိုင်းနိုင်ငံပါ။ အိမ်ရှင်နိုင်ငံကိုကျော်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့တဲ့အပေါ် နိုင်ငံအတွက် ဖော်မပြနိုင်အောင် ဝမ်းသာဂုဏ်ယူမိပါတယ်။ ဆက်လက်ကျင်းပမယ့်ပြိုင်ပွဲတွေမှာလည်း နိုင်ငံဂုဏ်ဆောင်ဆုတွေ ဆွတ်ခူးနိုင်အောင် ဆက်လက်ကြိုးစားသွားဖို့ အသင့်ရှိနေပါတယ်။

ဝေယံမင်း(ဘောလုံးအားကစား၊ ငွေတံဆိပ်ဆု)

ကျွန်တော်က ခုနစ်ဦးတစ်ဖွဲ့ ယှဉ်ပြိုင်ရတဲ့ ဘောလုံးပြိုင်ပွဲ ငါးသင်းပတ်လည် အုပ်စုပြိုင်ပွဲမှာ လေးပွဲနိုင်၊ တစ်ပွဲသရေနဲ့ ဖိုင်နယ်ကို ရောက်ခဲ့တယ်။ ဗိုလ်လုပွဲမှာ အိမ်ရှင်ထိုင်းနိုင်ငံကို တစ်ဂိုး- ဂိုးမရှိနဲ့ ရှုံးခဲ့တာကြောင့် ဒုတိယဆုငွေတံဆိပ်ရခဲ့ပါတယ်။  ပြိုင်ပွဲမှာ သင်ခန်းစာအနေနဲ့  ပြိုင်ဘက်ကို အထင်မသေးဖို့၊  အခုထက်ပိုပြီး အားကြိုးမာန်တက်  ကစားသွားဖို့လိုပါတယ်။  ရွှေတံဆိပ်မရခဲ့ပေမယ့် နိုင်ငံအတွက် ဒုတိယဆုကို ဆွတ်ခူးပေးနိုင်ခဲ့မှုအတွက် အသင်းအားလုံးကိုယ်စား ဝမ်း‌မြောက်ဂုဏ်ယူပါတယ်။

အောင်မြင့်မြတ်

ရေကူးအားကစား၊ ရွှေတံဆိပ်ဆု

ကျွန်တော်က ရေကူးပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာပါ။    မီတာ ၂၀၀ အလွတ်ကူးမှာ    ကြေးတစ်ခု၊ မီတာ ၁၀၀ အလွတ်ကူးမှာ ကြေးတစ်ခု၊ ပက်လက်မီတာ ၅၀ မှာ ရွှေတစ်ခု ရရှိခဲ့ပါတယ်။ ယခုလို အောင်မြင်မှုရရှိအောင် မသန်စွမ်းအားကစားအဖွဲ့ချုပ်မှာ ရှစ်လနီးပါး လေ့ကျင့်ခဲ့ပါတယ်။ အထူး သဖြင့် ပြိုင်ပွဲအတွက် ထွက်ခွာစဉ်မှာ  ကတိပေးခဲ့တဲ့အတိုင်း ရွှေတံဆိပ်ရရှိခဲ့တဲ့အတွက်အတိုင်း မသိ ဝမ်းသာပီတိဖြစ်ရပါတယ်။ အဓိကအိမ်ရှင်နိုင်ငံ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့  မလေးရှားနိုင်ငံတို့ကို   ကျော်ဖြတ်ဖို့မလွယ်ပေမယ့် နိုင်ငံအတွက် ရွှေကိုရမယ်ဆိုတဲ့ စိတ်နဲ့အားသွန်ခွန်စိုက်ကြိုးစားခဲ့ တဲ့အတွက် ရွှေတံဆိပ်ရရှိခဲ့ပါတယ်။ ကျေနပ်လားဆိုတော့ ရွှေအားလုံးမရတဲ့အတွက် ကျေနပ်မှုမရှိပါဘူး။ ဒါပေမယ့် ထပ်ပြီး ကြိုးစားသွားရမယ်ဆိုတဲ့ စိတ်ခွန်အားတွေတော့  ရရှိခဲ့ပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာ အခုထက် ပိုမိုလေ့ကျင့်ဆောင်ရွက်သွားမယ်လို့လည်း ဆုံးဖြတ်ထားပါတယ်။ နိုင်ငံတော်က မနှစ်ကလိုပဲ ထိုက်တန်စွာဆုချီးမြှင့်မယ်လို့ သိထားရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။

စည်သူထက် (ပြေးခုန်ပစ်၊ ‌ရွှေ)

ကျွန်တော်က ပြေးခုန်ပစ်အားကစားနည်းဖြစ်တဲ့ လှံတံပစ်မှာ ရွှေရခဲ့ပြီး သံလုံးပစ်မှာ ငွေရခဲ့ပါတယ်။  ပြိုင်ပွဲအတွက် နှစ်နှစ် ကြိုးကြိုးစားစားလေ့ကျင့်ခဲ့တဲ့အတွက် ကျွန်တော့်ဘဝမှာ အဖြစ်ချင်ဆုံးဆန္ဒကို  ရရှိခဲ့တာကြောင့် ဖော်မပြတတ်အောင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ကိုအဘက်ဘက်က ကူညီပေးခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ လေဆိပ်မှာ အဖွဲ့အား ဆုချီးမြှင့်ပေးတဲ့  ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။

ရန်လင်းအောင်(ထိုင်လျက်မသန်စွမ်းဘော်လီဘော၊ ရွှေ)

ကျွန်တော်တို့  ရွှေရဖို့ အမာခံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ကို ကျော်ဖြတ်ပြီးမှ  ထိုက်ထိုက်တန်တန် ရွှေတံဆိပ်ရခဲ့တာပါ။ ကျွန်တော်တို့အသင်း ရွှေနဲ့ကင်းကွာနေတာကြာပါပြီ။ အခုလို  အိမ်ရှင်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့ စိတ်ဟာ ဘာနဲ့မှ မတူတဲ့    ကြည်နူးဝမ်းသာမှုပါ။ အခုထက်ပိုပြီး ကြိုးစားသွားမှာပါ။ နောက်နှစ်ပြိုင်ပွဲတွေမှာလည်း လက်ရှိချန်ပီယံကို   ဆက်လက်ကာကွယ်သွားမယ်လို့   ဆုံးဖြတ်ထားကြပါတယ်။   အားလုံးကို  ကျေးဇူးတင်ပါတယ်။ အားပေးခဲ့ကြတဲ့ မြန်မာနိုင်ငံက ပရိသတ်များကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်။

ဇော်မိုးအောင်(ထိုင်လျက်မသန်စွမ်းဘော်လီဘော၊ ရွှေ)

ကျွန်တော် ယှဉ်ပြိုင်လာတဲ့ ပြိုင်ပွဲတွေထဲမှာ အခုပြိုင်ပွဲဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံးပါ။ ထိုက်ထိုက်တန်တန်နဲ့ ရရှိခဲ့တာကြောင့်မို့ပါ။  ပြိုင်ပွဲအတွက် အုပ်ချုပ်သူနဲ့ နည်းပြဆရာတွေ လမ်းညွှန်မှုအတိုင်း    ယှဉ်ပြိုင်ခဲ့ တာဖြစ်တဲ့အတွက်  အခုလို အကောင်းဆုံးနိုင်ငံတွေကို ကျော်ဖြတ်ပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆုကို    ဆွတ်ခူးရရှိခဲ့တာပါ။ ၁၉၉၀ ပြည့်နှစ်ကတည်းက ပျောက်ကွယ်နေတဲ့ရွှေကို   ၂၀၂၆ ခုနှစ်မှာ ပြန်လည်ရရှိခဲ့တဲ့အတွက်  ထိုင်လျက်ဘော်လီဘော အားကစားသမားတစ်ဦးအနေနဲ့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူအားလုံးကို   အထူးပဲကျေးဇူးတင်ပါတယ်။

အဆိုပါအောင်ပွဲရ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း   ၁၀၀ ကို   ဂုဏ်ပြုချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - မောင်သီဟ