အေသင်     ဇန်နဝါရီ     ၂၇

ဂရိနိုင်ငံ ထရိုင်ကာလာမြို့ရှိ  စားသောက်ကုန်ထုတ်လုပ်ရေးစက်ရုံတွင်   ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ   လေးဦးသေဆုံးပြီး   တစ်ဦးပျောက်ဆုံးနေကြောင်း  ဂရိအမျိုးသားအသံလွှင့်ဌာန အီးအာတီက   ဇန်နဝါရီ   ၂၆  ရက်တွင် ပြောကြားသည်။

ပြင်းထန်သည့်  ပေါက်ကွဲမှုကြောင့် စက်ရုံနှစ်ခြမ်းကွဲထွက်ခဲ့ပြီး လွင့်စဉ်ထွက်လာသည့် အစိတ်အပိုင်းများကြောင့် စက်ရုံခေါင်မိုးပြိုခဲ့ကြောင်း ၎င်းအသံလွှင့်ဌာန၏ ထုတ်လွှင့်ချက်အရ သိရသည်။  နံနက်  ၄  နာရီတွင် မီးစတင်လောင်ကျွမ်းခဲ့ပြီးယင်းအချိန်တွင် ညဆိုင်းလုပ်သားများ  အလုပ်လုပ်နေချိန်ဖြစ်ကြောင်း သိရသည်။ အပျက်အစီးများကြားမှ ရုပ်အလောင်းလေးခုကို တွေ့ရှိခဲ့ပြီး လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်  လုပ်သားခြောက်ဦးနှင့် မီးသတ်သမားတစ်ဦးအပါအဝင် စုစုပေါင်း ခုနစ် ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ  စိုးရိမ်စရာမရှိကြောင်း ကျန်းမာရေးဝန်ကြီး အေဒိုနတ်ဂီအိုဂါးဒတ်က ပြောကြားသည်။ ပဏာမသုံးသပ်ချက်များအရ ၎င်းမတော်တဆမှုဖြစ်ရခြင်းမှာ စက်ရုံရှိ ကုန်ပစ္စည်းထုတ်လုပ်ရာနေရာအနီးရှိ ဓာတ်ငွေ့သုံးမီးဖို များပေါက်ကွဲခြင်းကြောင့်ဖြစ်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ