ဗန်ကောက် ဇန်နဝါရီ ၂၆
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားကို ယနေ့ည ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံ နာခွန်ရစ်ချာ ဆီးမား(ခိုရတ်)မြို့ရှိ Majesty the King’s 80th Birthday Anniversary Commemorative Stadium ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး ဦးဆောင် သည့် မြန်မာမသန်စွမ်းအားကစားအဖွဲ့မှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ၊ နိုင်ငံအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမား များ တက်ရောက်ကြသည်။
ဦးစွာ အိမ်ရှင်ထိုင်းနိုင်ငံ၏ ကွယ်လွန်သွားသော ဘုရင်မကြီးအား အောက်မေ့သတိရသောအားဖြင့် တက်ရောက်လာကြသူများက ခေတ္တငြိမ်သက်ကြသည်။
ထို့နောက် ထိုင်းနိုင်ငံမှ အနုပညာရှင်များက ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေကြပြီး ပြိုင်ပွဲဝင် အာဆီယံ ၁၀ နိုင်ငံမှ အားကစားအဖွဲ့များက မိမိတို့၏ နိုင်ငံတော်အလံများကို ကိုင်ဆောင်ကာကွင်းအတွင်းသို့ ဝင်ရောက်နေရာယူကြသည်။
ယင်းနောက် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၏ အနှစ်ချုပ် Video Clip ကို ပြသခြင်း၊ Governor of Sports Authority of Thailand က အဖွင့်အမှာစကားပြောကြားခြင်း၊ Asean Para Sports Federation(APSF)ဥက္ကဋ္ဌ Board of Governor အတွင်း ရေးမှူးနှင့် (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ဆက်လက်၍ (၁၄)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲလက်ခံကျင်းပမည့် မလေးရှားနိုင်ငံသို့ ပြိုင်ပွဲအထိမ်းအမှတ်အလံ လွှဲပြောင်းပေးအပ်ခြင်း၊ Asean Para Sports Federation (APSF) အလံနှင့် Para Games အလံများအား အလံချခြင်း၊ ၂၀၂၇ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မလေးရှားနိုင်ငံ၏ နိုင်ငံတော်အလံအား လွှင့်တင်ခြင်းအခမ်းအနားနှင့် အိမ်ရှင် မလေးရှားနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကအလှ ဖျော်ဖြေတင်ဆက်ခြင်း၊ ပိတ်ပွဲအထိမ်းအမှတ် ဖျော်ဖြေတင်ဆက်ခြင်းတို့ ဆောင်ရွက်ကြပြီး ရောင်စုံမီးရှူးမီးပန်းများ ပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းသည်။
(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် အားကစားနည်း ၁၁ နည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၁၉ ခုနှင့် ကြေးတံဆိပ် ၂၀ စုစုပေါင်း ဆုတံဆိပ် ၅၉ ခုရရှိခဲ့ကာ နိုင်ငံအလိုက် အဆင့်(၆)တွင် ရပ်တည်နိုင်အောင် ကြိုးပမ်း စွမ်းဆောင်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


