မြစ်ကြီးနား ဇန်နဝါရီ ၂၅
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဖိတ်ခေါ်လက်ဝှေ့ပြိုင်ပွဲနှင့် ကြက်တောင်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လက်ဝှေ့အားကစားရုံနှင့် ငြိမ်းချမ်းသာယာ ကြက်တောင်ရုံတို့တွင် ကျင်းပသည်။
ပြိုင်ပွဲများသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ပြည်နယ်အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ ပြည်နယ်လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ် ရွက်ပုန်းသီးအားကစားသမားများနှင့် ကလပ်အသင်းအသီးသီးမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရအားကစားသမားများကို တစ်ဦးချင်းလည်ဆွဲ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေ များကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်သည်။
ယခုကဲ့သို့ အားကစားပြိုင်ပွဲများကျင်းပခြင်းဖြင့် ဒေသခံပြည်သူလူထု၏ အားကစားစိတ်ဓာတ်ကို မြှင့်တင်ပေးခြင်း၊ အားကစားလောကကို အရေးပါသောနေရာတွင်ထားရှိသည့် ဦးစားပေးမှုကို ပြသခြင်းနှင့် ဒေသတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်သည့်အပြင် ပြည်သူလူထုကျန်းမာကြံ့ခိုင်သန်စွမ်းရေး အားကစားသမားများအကြား ရင်းနှီးချစ်ခင်မှုရှိရေး ဝါသနာပါရာ အားကစားကို လေ့ကျင့်ကစားခြင်းဖြင့် ပျော်ရွှင်မှုများရရှိကာ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့နည်းပပျောက်ရေးကိုလည်း အထောက်အကူပြုသည့်အတွက် ပြည်သူလူထု ပါဝင်သည့် အားကစားပြိုင်ပွဲများနှင့် အားကစားလှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက အလေးအနက်ထား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


