ဝါရှင်တန် အောက်တိုဘာ ၂၃

အမေရိကန် နည်းပညာကုမ္ပဏီကြီး အမေဇုန်က ကုန်ပစ္စည်းထုပ်ပိုးမှုနှင့် ပို့ဆောင်ရေးစွမ်းဆောင်ရည်ကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည့် ဉာဏ်ရည်တုနည်းပညာသုံး စနစ်သစ်ကို ထုတ်ဖော်ပြသခဲ့သည်။  ကုမ္ပဏီ၏ လုပ်သားအင်အားအပေါ် ဉာဏ်ရည်တုနည်းပညာ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာချိန်တွင် ယခုကဲ့သို့ ပို့ဆောင်ရေးဆိုင်ရာ စွမ်းဆောင်ရည်မြင့် နည်းပညာစနစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါနည်းပညာသစ်တွင် ပို့ဆောင်ရမည့်ပစ္စည်းများကို ခွဲခြားသတ်မှတ်နိုင်သည့် စမတ်မျက်မှန်များ ပါဝင်သည်။  ဆန်းသစ်တီထွင်မှုများကို ကြည့်ရှုရန် မီဒီယာများအား ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမေဇုန်ကုမ္ပဏီ၏ ပို့ဆောင်ရေးစင်တာသို့ ဖိတ်ကြားခဲ့ကြောင်း သိရသည်။  စမတ်မျက်မှန်များသည် ပစ္စည်းပို့ဆောင်ရမည့် တည်နေရာကို ရှာဖွေရာတွင် ယာဉ်မောင်းသူများအား အထောက်အကူပြုနိုင်ရန်အတွက် မြေပုံများကို ပြသပေးနိုင်သည်။  ထို့ပြင် ဂိုဒေါင်များတွင် အသုံးပြု ရန် ဒီဇိုင်းထုတ်ထားသည့် Blue Jay အမည်ရှိ စက်ရုပ်စနစ်သည် ပစ္စည်းများ ရွေးချယ်ခြင်းနှင့် စီစဉ်ခြင်းတို့အပါအဝင် လုပ်ငန်းများစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်သည်။

အဆိုပါတီထွင်ဆန်းသစ်မှုများသည် အမေဇုန်ကုမ္ပဏီ၏ အလုပ်အကိုင်ပေါင်းများစွာအပေါ် သက်ရောက်မှုရှိနိုင်သည်။  အမေဇုန်ကုမ္ပဏီက လာမည့်နှစ်များတွင် အလုပ်သမား ခြောက်သိန်းကျော်ကို စက်ရုပ်များဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သည်နယူးယောက်တိုင်းမ် သတင်းစာက အောက်တိုဘာ ၂၁ ရက်တွင် ဖော်ပြခဲ့သည်။

အစားထိုးမည့်  အဆိုပါအလုပ်အမားအရေအတွက်သည် အတိအကျမဟုတ်ကြောင်း အမေဇုန် ကုမ္ပဏီ၏ စက်ရုပ်နည်းပညာဌာန အကြီးအကဲ တေဘရာဒီက ပြောကြားသည်။ သို့သော် ဉာဏ်ရည်တုနည်းပညာနှင့်ပတ်သက်သည့် ဖွံ့ဖြိုးတိုးတက်မှုများသည် ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်