ကဘူး အောက်တိုဘာ ၁၄
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန် ကြား ပြီးခဲ့သည့် သီတင်းပတ်ကုန်က တိုက်ခိုက်မှုများဖြစ်ခဲ့ရာမှ နယ်စပ်ဒေသတွင် တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပါကစ္စတန် နိုင်ငံအတွင်းရှိ စစ်စခန်းများကို အောက်တိုဘာ ၁၁ ရက်က တိုက်ခိုက်ခဲ့ကြောင်း အာဖဂန်အစိုးရက ပြောကြားသည်။
၎င်းတိုက်ခိုက်မှုသည် အာဖဂန်နစ္စတန်၏ လေပိုင်နက်ကိုကျူးကျော်ကာ တိုက်ခိုက်ခဲ့သည့် ပါကစ္စတန်တပ်မတော်၏ တိုက်ခိုက်မှုများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း အာဖဂန်အစိုးရက ပြောကြားသည်။ တာလီဘန်တပ်ဖွဲ့ဝင်များနှင့် အခြားစစ်သွေးကြွများသည် ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုများဆောင်ရွက်ခဲ့သဖြင့် တုံ့ပြန်သည့်အနေဖြင့် တာလီဘန်တို့၏ စခန်းများကို တိုက်ခိုက်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ အာဏာရရှိခဲ့ပြီးနောက် အကြမ်းဖက်အဖွဲ့များသည် နယ်စပ်ကိုဖြတ်ကာ ပါကစ္စတန်နိုင်ငံအတွင်း တိုက်ခိုက်မှုများဆောင်ရွက်ခဲ့ကြောင်း ပါကစ္စတန်က ပြောကြားသည်။ ယခုအချိန်တွင် ဆော်ဒီအာရေးဗျနှင့် ကာတာတို့၏ ကြားဝင်ညှိနှိုင်းမှုကြောင့် တိုက်ခိုက်မှုများကို ရပ်တန့်ခဲ့ကြောင်း အာဖဂန်နစ္စတန်အစိုးရက ပြောကြားသည်။
နယ်စပ်ဒေသတွင် စစ်ဆင်ရေးများဆောင်ရွက်ခဲ့ရာ ပါကစ္စတန်တပ်မတော်သား ၅၈ ဦး သေဆုံးပြီး ၃၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အာဖဂန်နစ္စတန်တပ်ဖွဲ့ဝင် ကိုးဦး သေဆုံးကြောင်း အာဖဂန်နစ္စတန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇဗ္ဗူဟူလာမူဂျာဟစ်က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ


