ဂျေရုဆလင် အောက်တိုဘာ ၁၄
အပစ်အခတ်ရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေး သဘောတူညီချက်အရ အစ္စရေးဘက်မှ လွှတ်ပေးခဲ့သည့် ပါလက်စတိုင်းအကျဉ်းသားများသည် ဂါဇာဒေသသို့ အောက်တိုဘာ ၁၃ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းအကျဉ်းသားများကို သယ်ယူလာသည့် နိုင်ငံတကာ ကြက်ခြေနီအသင်း ဘတ်စ်ကားများသည် ကီရန်ရှလုံ နယ်စပ်ဖြတ်ကျော် စခန်းမှနေ၍ ဂါဇာဒေသသို့ရောက်ရှိလာကြောင်း သိရသည်။
သမိုင်းမှတ်တိုင်တစ်ခုဖြစ်
ဂါဇာဒေသတောင်ပိုင်း ခန်ယူနွတ်ရှိ ဆေးရုံသို့ ၎င်းတို့အား ပို့ဆောင်ခဲ့သည်။ ဆေးရုံ၏ အပြင်ဘက်တွင် လာရောက်ကြိုဆိုသူများဖြင့် ပြည့်နှက်နေသည်။ မိခင်တစ်ဦးက သူ၏သားသည် ရှစ်နှစ် အကျဉ်းကျခဲ့ပြီး ယနေ့တွင် ပြန်လည်ရောက်ရှိလာသည့်အတွက် ဝမ်းသာကြောင်း ပြောကြားသည်။
ပါလက်စတိုင်း အကျဉ်းသားများအတွက် ယခုကိစ္စသည် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကာ ကျန်ရှိနေသည့် ပါလက်စတိုင်း အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်မည်ဟု အကျဉ်းသားဆိုင်ရာ သတင်းအချက်အလက်ရုံးက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


