ဝါရှင်တန် အောက်တိုဘာ ၈
အမေရိကန်လျှပ်စစ်ကား (EV)ထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် ပိုမိုဈေးသက်သာသည့် EV မော်ဒယ် နှစ်မျိုးကို ထုတ်လုပ်ခဲ့ပြီး တစ်မျိုးချင်းစီသည် ၎င်းတို့၏ ယခင်အမျိုး အစားများထက် ၁၀ ရာခိုင်နှုန်းခန့် စရိတ်သက်သာသည်။
အမျိုးအစားပုံစံသစ်ဖြစ်သည့် Model Y အမျိုးအစား SUV အသစ်ကို အမေရိကန်ဒေါ်လာ ၃၉၉၉၀ နှင့်လည်းကောင်း Model 3 ဆီဒင် အသစ်ကို အမေရိကန်ဒေါ်လာ ၃၆၉၉၀ နှင့် ရောင်းချသွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်လျှပ်စစ်ကား(EV)ထုတ်လုပ်ရေးကုမ္ပဏီ Tesla သည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ရောင်းအားကျဆင်းခဲ့ရပြီး ရောင်းအားကျဆင်းရသည့် အကြောင်းတရားများစွာရှိသည့် အနက် Tesla ၏ CEO ဖြစ်သူ Elon Musk သည် အမေရိကန်နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကို ကမ္ဘာတစ်ဝန်း သပိတ်မှောက်မှုသည်လည်း အကြောင်းရင်းတစ်ချက်ဖြစ်သည်။
သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက EV ကား ဝယ်ယူမှုများအတွက် အခွန်လျှော့ချမှုကို စက်တင်ဘာလကုန်တွင် ရပ်ဆိုင်းသွားမည်ဆိုသည့် ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ပြည်ထောင်စု၌ EV ကား အရောင်းအဝယ်ထိခိုက်မှုရှိမည်ဟု ခန့်မှန်းရသည်။
ကားစျေးကွက်ကြီးအတွက် စျေးသက်သာသည့်မော်ဒယ်များ တင်သွင်းရန် ပြိုင်ဆိုင်နေသည့် တရုတ်ကုမ္ပဏီကြီး BYD နှင့် တခြားပြိုင်ဘက်ကုမ္ပဏီများ၏ ကြီးထွားလာသည့် ဈေးကွက်ယှဉ်ပြိုင်မှုများကို Tesla ရင်ဆိုင်နေရသည်။
အင်န်အိတ်ချ်ကေ


