ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးများ စတင်စိုက်ပျိုး

ပွင့်ဖြူ   ၅  မတ်      


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ နွေစပါးနှင့် နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁၅ ရက်မှ စတင်ကာ မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိရာ ယခုလဆန်းပိုင်းတွင် မြို့နယ်အတွင်းရှိ တောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကုန်ဇောင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။


“မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ပြီး မဲဇလီရေလွှဲဆည်ကနေ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီ ဖြစ်ပါတယ်။ တောင်သူတွေလည်း နွေစပါးသီးနှံများကို စတင်စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်မှာ နွေစပါးရာသီမှာတော့ ရတနာတိုး၊ ပြည်တော်ရင်၊ မနောသုခ စပါးမျိုးကို အများဆုံး စိုက်ပျိုးကြပါတယ်။ အခုလို နွေစပါးစိုက်ပျိုးရာသီမှာ တောင်သူတွေကို သီးနှံ အထွက်နှုန်း တိုးစေရန်နှင့် တောင်သူသီးနှံဝင်ငွေ တိုးတက် ကောင်းမွန်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က အထွက်တိုး စပါးစိုက်ပျိုး နည်းစနစ်များကို လာရောက်ကွင်းဆင်း ကြီးကြပ်ဆောင်ရွက်ပေးတာဖြစ်လို့ စိုက်ရေးပျိုးရေးအတွက် အားလုံး အဆင်ပြေပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာမှ နွေစပါးစိုက်ပျိုးတောင်သူ ဦးအောင်သိုက် က ပြောပြသည်။ 


ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း တောင်သူများ နွေသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး စိုက်ပျိုးမည့် သီးနှံလျာထားဧကအနေဖြင့် တောင်မုန်းမြောင်းမကြီး ရေသောက်စနစ်ဖြင့် နွေစပါး ၁၂၆၃၂ ဧက ၊ မြောက်မုန်းမြောင်းမကြီး ရေသောက်စနစ်ဖြင့် နွေစပါး ၁၈၄၁၁ ဧက ၊ စုစုပေါင်း နွေစပါး စိုက်ဧက ၃၁၀၄၃ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် နွေနှမ်းစိုက်ဧကအနေဖြင့် တောင်မုန်းမြောင်းမကြီး ရေသောက်စနစ်ဖြင့် ၉၇၀၈ ဧက၊ မြောက်မုန်းမြောင်းမကြီး ရေသောက်စနစ်ဖြင့် ၉၀၄၂ ဧက၊ စုစုပေါင်း နွေနှမ်း စိုက်ဧက ၁၈၇၅၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနရုံးမှ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)