တွံတေး အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် တွံတေးမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခုတင်(၅၀) မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးလှစိုးက ပြင်းထန်ဝမ်းပျက်လျှောရောဂါအကြောင်း၊ ရောဂါကူးစက်ပုံများ၊ ရောဂါလက္ခဏများနှင့် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို တက်ရောက်လာကြသည့် သင်တန်းသားများအား ရှင်းလင်းဆွေးနွေးကာ သင်တန်းနည်းပြများက သင်တန်းကို ဆက်လက်ပို့ချသည်။
အဆိုပါသင်တန်းသို့ တွံတေးမြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးဝန်ထမ်း (၁၁၁)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို (၂)ရက်ကြာ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား


