ရန်ကုန် ၊ အောက်တိုဘာ ၁၃

သီတင်းကျွတ် ပွဲတော်ကာလတွင်  ပုဂံဒေသ ယဉ်ကျေးမှု အမွေအနှစ်များကို ပြည်တွင်း၊ ပြည်ပခရီးသွားများ မြင်းလှည်းစီး၍ ကြည့်ရှုလေ့လာနိုင်ရန် နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ပုဂံဒေသခံ မြင်းလှည်း အသင်းမှ သိရသည်။

 

ပုဂံယဉ်ကျေးမှုနယ်မြေတွင် အထင်ကရ ဘုရားစေတီများ အနီးရှိ မြင်းလှည်းဂိတ်များနှင့် ဆာကူရာ၊ သရပါ၊ ပုဂံသံတဲနှင့် ပုဂံဟိုတယ်များအနီးတွင် ဂိတ်များထိုး၍ ပြေးဆွဲပေးလျက်ရှိသည်။ ခရီးသွားများ အနေဖြင့် စေတီ၊ ပုထိုးများကို နောက်ခံပြု၍ မြင်းလှည်းစီး ဓာတ်ပုံရိုက်ကူးခြင်း၊ မြင်းလည်းစီး၍ စေတီ၊ ဂူဘုရား များအကြား သွားလာရခြင်း၊ နေဝင်ဆည်းဆာအလှ ကြည့်ရှုရခြင်းတို့ကို နှစ်သက်လေ့ရှိသည်။

 

ပုဂံယဉ်ကျေးမှု နယ်မြေတွင် အခြားသော ပို့ဆောင်ရေးယာဉ်များထက် မြင်းလှည်းကို ပြည်တွင်း၊ ပြည်ပ ခရီးသွားများ နှစ်သက်အားပေးလျက်ရှိသည်။ ယနေ့အချိန်တွင် မြင်းလှည်းများကို မန္တလေး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ ပုပ္ပား၊ မင်းကွန်းနှင့် ပုဂံတို့တွင် နှစ်ဘီးတပ် မြင်းလှည်းများအဖြစ် အသုံးပြုလျက်ရှိပြီး တောင်ကြီးနှင့် ပြင်ဦးလွင်တွင် လေးဘီးတပ် ရထားလုံးများအဖြစ် ခရီးသွားဝန်ဆောင်မှုပေးလျက်ရှိသည်။

 

“ပုဂံဒေသက မြင်းလှည်းသမားတွေဟာ ခရီးသွားအားလုံး စိတ်ကျေနပ်မှုရှိအောင် ဝန်ဆောင်မှုတွေ ပေးနေပါ တယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားအားလုံးကို  ကောင်းမွန်ချိုသာတဲ့စကားနဲ့ ဝန်ဆောင်မှုပေးဖို့ အမြဲ တိုက်တွန်းထားပါတယ်။ ပြည်ပ ခရီးသွားတွေက ပုဂံက မြင်းလှည်းသမားတွေကို အသိအမှတ် ပြုတာဟာ ဖော်ရွေပျူငှာမှုကြောင့်ပါ။ နိုင်ငံခြားခရီးသွား စဝင်နေပါပြီ။ မနေ့က စပိန်နဲ့ ကနေဒါ ခရီးသွားအဖွဲ့ကို ဝန်ဆောင်မှုပေးရပါတယ်။ ပြည်တွင်း ခရီးသွားတွေဆိုရင် ဒီနေ့မှာ ပိုပြီးများလာပါပြီ။ ခရီးသွားကဏ္ဍနဲ့ ရပ်တည်နေရတဲ့ ဒေသဖြစ်တဲ့အတွက် ခရီးသွားအားလုံးကို ပုဂံမြင်းလှည်းအသင်းက နွေးထွေးပျူငှာစွာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေပါတယ်”ဟု ပုဂံမြင်းလှည်းအသင်းဥက္ကဋ္ဌ ဦးမြတ်သူ က ပြောသည်။

 

ပုဂံဒေသတွင် ခရီးသွားဝန်ဆောင်မှုပေးနေသော မြင်းလှည်းအစီး ၁၀၀ ကျော်ရှိပြီး မြင်းလှည်းစီး၍ စေတီပုထိုးများကို ကြည့်ရှုလေ့လာပါက တစ် နာရီလျှင် ငွေကျပ် ၁၅၀၀၀ ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။  

 

ပုဂံဒေသတွင် သီတင်းကျွတ်ပွဲတော်ကာလ အောက်တိုဘာ ၁၅ ရက်မှ ၁၈ ရက်  အထိ ဟိုတယ်များ အခန်းပြည့်မှာ ယူထားပြီး အောက်တိုဘာ ၁၃ ရက်မှစတင်၍ ဘုရား ဖူးများ ဝင်ရောက်လျက်ရှိကြောင်း၊ ပုဂံဒေသ ခရီးသွားရာသီဖြစ်သော အောက်တိုဘာလမှ မတ်လ အတွင်း ပုဂံဒေသ၏ အလှအပကို ကြည့်ရှု ခံစားနိုင်ရန် ဒေသခံမြင်းလှည်းများ ဖြင့် ဝန်ဆောင်မှု ပေးနေကြောင်း သိရသည်။

ဓာတ်ပုံ - ဇွဲမာန်   - ညိမ်းသူ(သတင်းစဉ်)