နေပြည်တော် အောက်တိုဘာ ၁၂

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ကလောမြို့နယ်အတွင်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင် ဆောင်ရွက်ပြီးစီးမှုနှင့် လက်ရှိပြုပြင်တည်ဆောက်ဆဲ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီးနှင့်အတူ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ၃၃ ကေဗွီ ‌ရေပေါင်းဆုံ (ပြည်ညောင်)-နမ့်ပန်တက် ဓာတ်အားလိုင်းရှိ ဓာတ်အား ဖြန့်ဖြူးရေးတိုင် (၁၄၄)တိုင် ရေတိုက်စားပြီး ယိုင်လဲပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေ တို့ကိုကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားဖြန့်ဖြူးမှုကို မူလအခြေအနေ အတိုင်း အမြန်ပြန်လည်ဖြန့်ဖြူးမှု ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြုပြင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လုပ်ငန်းပြီးစီးမှုများကို စနစ်တကျ မှတ်တမ်းတင် စာရင်းပြုစု ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ကလောမြို့အတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးရေလျှံမှုကြောင့် ပြိုလဲပျက်စီး ခဲ့သည့် ၁၁ ကေဗွီ၊ ၄၀၀ ဗို့ ဓာတ်အားလိုင်းများနှင့် ဓာတ်အားလွှတ် ပစ္စည်းများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီး၍ ဓာတ်အားပြန်လည်ပို့လွှတ်ဖြန့်ဖြူးထားမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဓာတ်အားလိုင်းများအား ရေရှည်အသုံးပြုနိုင်ရေး လိုအပ်သည့် ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန်မှာကြားသည်။

 

ဆက်လက်၍ ကလောပင်မ ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဓာတ်အားခွဲရုံ Switch Yard ခြံစည်းရိုးအုတ်တံတိုင်း၊ ရေမြောင်းနှင့် မြေတားနံရံများ ပျက်စီးခဲ့မှုအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အား ထိန်းညှိ ဖြန့်ဖြူးနေမှုအခြေအနေတို့ကို လှည့်လည်ကြည်ရှု စစ်ဆေးသည်။   

 

ထို့နောက် တောင်ကြီးမြို့ရှိ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး  ပင်မဓာတ်အားလိုင်း များ၏ တာဝါတိုင်ဖောင်ဒေးရှင်းလုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ တည်ဆောက်ခြင်းလုပ်ငန်းများ အရည် အသွေး စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ချိန်အတွင်းပြီးစီးရေး တွန်းအားပေး ဆောင်ရွက်သွားရန်မှာကြားပြီး ဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်ကာ ဓာတ်အားခွဲရုံ ထိန်းချုပ်ခန်း အတွင်း ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု၊ Switch Bay တည်‌ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် Switch Yard အတွင်း လက်ရှိဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ၏ ဝန်အားထိန်းညှိဖြန့်ဖြူးနေမှု အခြေအနေတို့အား လှည့်လည်ကြည်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ရှိ ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍လိုအပ်သည်များမှာကြားကာ  ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)