နေပြည်တော်၊ အောက်တိုဘာ ၈

စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများနှင့် အလှူရှင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေဘေးသင့်ခဲ့သည့်  နေပြည်တော် ပုဗ္ဗသီရီမြို့နယ် ရွာတော်ကျေးရွာအုပ်စု ကြံဖိုစုကျေးရွာ လျှပ်စစ်မီး ပြန်လည်သုံးစွဲနိုင်ခြင်း အခမ်းအနားကို  အဆိုပါကျေးရွာ၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ စက်မှုဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိ ရပ်ဖများ၊ ကျေးရွာနေ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ကြံဖိုစုကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ရေဘေးသင့်ခဲ့သဖြင့် ကျေးရွာနေပြည်သူများ အခက်အခဲ တွေ့ကြုံခဲ့ရသည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ကြံဖိုစုကျေးရွာ လျှပ်စစ်မီး ပြန်လည်သုံးစွဲနိုင်ရေးအတွက် ကျေးရွာသုံးလျှပ်စစ်မိန်းခလုတ်ကို စတင်ဖွင့်လှစ် ပေးသည်။

ထို့နောက် ကြံဖိုစုကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

 

 

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးရွာပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး  ကျေးရွာအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ တူးဖော်နေမှုကို အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်