ရန်ကုန်၊ အောက်တိုဘာ ၈
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးသို့ ရောက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့် တွေ့ဆုံကာ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လုပ်သားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များရရှိစေရေး သက်ဆိုင်ရာ အလုပ်သမားရေးရာ ဥပဒေ၊ နည်းဥပဒေများနှင့် စည်းကြပ် ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ အဆင့်နှင့်လျော်ညီသည့် လုပ်ငန်းတာဝန်များကို အမြဲလေ့လာ သင်ယူပြီး လုပ်ငန်းတာဝန်အလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ကိုင်ဆောင်ရွက် ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော Wei Hua၊ Shinning Access၊ Startex နှင့် Tough Way စက်ရုံတို့သို့ ရောက်ရှိပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်