ထားဝယ် အောက်တိုဘာ ၂
နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးထွန်း၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရပ်ကွက်အလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်အိမ်တက်ဆင်း ကောက်ယူနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်၊ စာရင်းကောက်များက သန်းခေါင်စာရင်းတွင် အသုံးပြုသည့် မေးခွန်း (၆၈)ခု၊ အိမ်ထောင်စု မေးခွန်းနှင့် မေးခွန်း (၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအား Tablet များအသုံးပြု၍ ကောက်ယူရာ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် ပြည့်ပြည့်စုံစုံ ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ရပ်ကွက်နေ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး တာဝန်ရှိသူများ က စာရင်းစစ်/စာရင်းကောက်များနှင့် အဖွဲ့အစည်းများအား အာဟာရဖြည့် မုန့်နှင့်ရေသန့်ဗူး များဝေငှသည်။
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ကောက်ယူခဲ့ခြင်းဖြစ်ပြီး စာရင်းကောက်ယူသူများက နံနက် ၇ နာရီ မှ ညနေ ၆ နာရီအတွင်း နေအိမ်များသို့ လာရောက် စာရင်းကောက်ယူမည်ဖြစ်ကာ စာရင်းကောက်ယူမည့်နေ့ကို ကြိုတင်အကြောင်းကြားမည် ဖြစ်ကြောင်း၊ စိုးရိမ်ရန်မလိုကြောင်းနှင့် မည်သို့မျှ အရေးယူမည်မဟုတ်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၈၃)ကွက်ကို Tablet များ အသုံးပြု၍ အောက်တိုဘာ ၁၅ ရက်အထိ ရပ်ကွက်အလိုက် ပြည်သူလူထုများအား ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


