ရန်ကုန် အောက်တိုဘာ ၂
အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၁) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် သူရဦးဘိုနီ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် သူရဦးဘိုနီက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်သည် တစ်နိုင်ငံလုံးတွင်ရှိသည့် ဝန်ထမ်းများအား မိမိတို့၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက်၊ အဆင့်အလိုက် စည်းစနစ်ကျနစွာ ဆောင်ရွက်နိုင်အောင် သိသင့်သိထိုက်သော ပညာရပ်များကို လေ့ကျင့်သင်ကြားပေးသည့် တက္ကသိုလ်ဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေနှင့် ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ ပေးအပ်သည့် တာဝန်များကို စေတနာထား၍ ထမ်းဆောင်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း မိမိတို့လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စွမ်းဆောင်ကြရန် ပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်၍ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါသင်တန်း၏ ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီတွင် ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို မေ ၁၃ ရက်မှ အောက်တိုဘာ ၂ ရက်ထိ သင်တန်းသား (၄၁)ဦး၊ သင်တန်းသူ (၄၂) ဦး၊ စုစုပေါင်း (၈၃)ဦးဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


