နေပြည်တော် အောက်တိုဘာ ၂

 

အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ်()နှင့် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၀) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တက္ကသိုလ်စစ်ရေးပြကွင်း၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က သင်တန်းအလိုက် ဆုရရှိသူများကို ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် စဉ်ဆက်မပြတ် မှန်မှန်ကန်ကန် လုပ်ကိုင်ဆောင်ရွက်တတ်စေရန်၊ ခိုင်မာအားကောင်းပြီး စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းများ ဖြစ်လာစေရန် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်က သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ဝင်ရောက်၍ ပြည်သူ့ဝန်ကို ထမ်းဆောင်ကြရာတွင် နိုင်ငံသားတိုင်း လိုက်နာရမည့် စည်းကမ်းများနှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန်၊ နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် (၆)ချက်ကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်အပါး(၃၀)ကို မြဲမြံစွာစောင့်ထိန်းလိုက်နာခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

 

အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်း အမှတ်စဉ်(၈)သို့ သင်တန်းသား (၁၆၂)ဦး၊ သင်တန်းသူ (၅၆)ဦးနှင့် အရာထမ်းငယ်သင်တန်း အမှတ်စဉ်(၁၀၀)သို့ သင်တန်းသား (၁၃၂)ဦး၊ သင်တန်းသူ (၂၀၆)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်