နေပြည်တော် အောက်တိုဘာ ၁
အောက်တိုဘာ ၁ ရက်မှ စတင်၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက် ကြသည်။
ယနေ့နံနက်ပိုင်းတွင် သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့များက ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက် အတွင်းရှိ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏မိသားစု ဝင်များ၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူကြသည်။
ထို့ပြင် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်(၂၂) ကွက်ဖြစ်သည့် ဝဏ္ဏသိဒ္ဓိ ရပ်ကွက် (၂)နေရာ၊ သုခသိဒ္ဓိရပ်ကွက် (၂)နေရာ၊ ဓနသိဒ္ဓိရပ်ကွက် (၂)နေရာ၊ ဗလသိဒ္ဓိရပ်ကွက် (၁)နေရာ၊ မင်္ဂလာသိဒ္ဓိရပ်ကွက် (၂)နေရာ၊ ဘောဂသိဒ္ဓိ ရပ်ကွက် (၂)နေရာ၊ ဉာဏသိဒ္ဓိရပ်ကွက် (၁)နေရာ၊ ပညာသိဒ္ဓိရပ်ကွက် (၂)နေရာ၊ ရွှေကြာ ပင်ရပ်ကွက် (၂)နေရာ၊ သပြေကုန်းရပ်ကွက် (၁)နေရာ၊ အောင်ဇမ္ဗူရပ်ကွက် (၂)နေရာနှင့် တဲကြီးကုန်းကျေးရွာအုပ်စု(၁)နေရာ စသည့် သတ်မှတ်နေရာများ အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများ၏ မိသားစုဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ မိသားစုဝင်များ၊ ရပ်ကွက်နေ ပြည်သူများ၏ မိသားစုဝင်များကို မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီ၊ ရပ်ကွက်သန်းခေါင်စာရင်းကော်မတီ၊ ရပ်ကွက်သန်းခေါင်စာရင်း ကောက်ယူရေး အထောက် အကူပြုအဖွဲ့များနှင့် ပူးပေါင်း၍ သတ်မှတ်နေရာများသို့ သွားရောက်၍ အိမ်ထောင်စုမေးခွန်းပုံစံ မေးခွန်း (၆၈)ခုကို Mobile Tablet များအသုံးပြုကာ မေးမြန်းစာရင်းကောက်ယူပြီး ရရှိလာသည့် အချက်အလက်များကို CAPI စနစ်ကို အသုံးပြု၍ နေပြည်တော်ရုံးချုပ် Server သို့ ပေးပို့ခြင်းများ ဆောင်ရွက်ကြသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန် ကောက်ကွက် (၂၇၁) ကွက်ကို စာရင်းစစ်(၂၃) ဦး၊ စာရင်းကောက် (၈၈) ဦးဖြင့် သတ်မှတ်နေရာများအလိုက် ကောက်ယူသွားမည်ဖြစ်ရာ တိုင်းရင်းသားပြည်သူများက မိမိတို့အကျိုး၊ နိုင်ငံ့အကျိုးအတွက် ဝိုင်းဝန်းပူးပေါင်း လက်တွဲဆောင်ရွက်ကြရန် လိုအပ်သည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုး ညီညီ ဖွံ့ဖြိုးတိုးတက် စေရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် လူဦးရေ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံအလိုက် ၁၀ နှစ်လျှင်တစ်ကြိမ်မဖြစ် မနေ ဆောင်ရွက်လျက်ရှိသည်။
(သတင်းစဉ်)


