နေပြည်တော် အောက်တိုဘာ ၁
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးစက်မှုဇုန်အတွင်းရှိ Aung Sein Textile ကုမ္ပဏီ ချည်မျှင်နှင့် ချည်ဆေး ဆိုးစက်ရုံသို့ရောက်ရှိပြီး စီလွန်ချည် (Acrylic Yarn) များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ချည်မျှင် ဆေးဆိုးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်ခြင်း၊ ပြည်ပမှတင်သွင်းရမှု လျှော့ချနိုင်ခြင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်သည့် နည်းပညာများရရှိခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့၍ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင်လည်း အလေးထား ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ဝါဂွမ်းများကို ပြည်ပသို့တင်ပို့ခြင်းထက် ချည်ထုတ်လုပ်ခြင်း၊ ပိတ်ရက် လုပ်ခြင်း၊ အထည်အလိပ် ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါက စီးပွား ဖြစ်ထွန်းမှု အကျိုးအမြတ် ပိုမိုရရှိသည့်အပြင် ကွင်းဆက်တစ်လျှောက် ပါဝင်ဆောင်ရွက်နေသူအားလုံး ဝင်ငွေတိုး၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အမရပူရမြို့နယ်ရှိ ဦးဂျမ်းပုဆိုးများ ရက်လုပ်သည့် ရွှေမြင်းပျံစက်ရက်ကန်းလုပ်ငန်း၊ ကောင်းခန့် စက်ရက်ကန်းလုပ်ငန်း၊ ရွှေယမင်းစက်ရက်ကန်းလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဈေးကွက်ရရှိရေးအတွက် MSME ထုတ်ကုန်ပစ္စည်းများ ပြပွဲ/ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး အဆိုပါပြပွဲများသို့ ဝင်ရောက် ပြသကြ ရန်လိုကြောင်း၊ ပြပွဲ/ပြိုင်ပွဲများသို့ ဝင်ရောက် ပြသခြင်းဖြင့် MSME လုပ်ငန်းရှင် အချင်းချင်း ချစ်ခင်ရင်းနှီးမှု ရရှိ၍ နည်းပညာများ ဖလှယ်နိုင်ခြင်း၊ လုပ်ငန်းရှင်အချင်းချင်း၏ အားသာချက်/အားနည်းချက်များကို သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားပြီး လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


