နေပြည်တော် အောက်တိုဘာ ၁

 

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်  တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်တွင် လယ်ဝေး မြို့နယ် ကြို့ပင်သာကျေးရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှုကို သွားရောက်ကြည့်ရှုသည်။

 

ယင်းနောက် ပေါက်မြိုင်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းသား တောင်သူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စု ဝန်ကြီးက ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် မိုးစပါးနှင့် စိုက်ပျိုးသီးနှံများအစား ဒေသနှင့်ကိုက်ညီသည့် နေကြာနှင့် မတ်ပဲများ ပြန်လည်စိုက်ပျိုးနိုင်ရေးလိုအပ်သည့် မျိုးကောင်းမျိုးသန့်နှင့် သွားအားစုများရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များကိုလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ အိမ်ထောင်စုများအတွက် ဆန်နှင့် အဝတ်အထည်များကို လည်းကောင်း၊ အသင်းသားတောင်သူများ၏ စိုက်ပျိုးဧက ၂၅၀ အတွက် ရေဆင်းစပ်မျိုး-၁ နေကြာမျိုးစေ့များ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် ရေတိုက်စားမှုကြောင့် လမ်းသားနှင့် လမ်းပခုံးများ ပျက်စီးမှုသွားသော လယ်ဝေးမြို့နယ် သာဝတ္ထိ-စစ်တောင်းမြစ်ဆိပ် ဆက်သွယ်ထားသောကျေးရွာ ချင်းဆက်လမ်း ပြန်လည်ပြင်ဆင်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး ဦးစားပေးအလိုက် အမြန်ဆုံး ဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ လယ်ဝေးမြို့နယ် တံတားကြီးကျေးရွာနှင့် ဆီဆုံကုန်းကျေးရွာတို့သို့ သွားရောက်ပြီး ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံကာ အိမ်ထောင်စုများတွက် ဆန်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် ကျွန်းဦးခေတ်မီစံပြကျေးရွာသို့ရောက်ရှိပြီး ပဲလှော်ဖို လုပ်ငန်းရှင်များ၊ ကျေးရွာနေ ပြည်သူများနှင့်‌ တွေ့ဆုံကာ တင်ပြ ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက်   ကျွန်းဦးကျေးရွာရှိ တန်ဖိုးမြှင့်ကုန်ထုတ် သမဝါယမ အသင်းသားများဖြစ်သည့် ပဲကြော်ပဲလှော်၊ စာလေးခွေ၊ မာလာရှမ်းကော၊ ဆီစက်လုပ်ငန်းများ လုပ်ကိုင်သူများကို ငွေကျပ်သိန်း (၁၄၅၀)ကို လည်းကောင်း၊  ကျေးရွာရှိ အိမ်ထောင်စုများအတွက် ဆန်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနေမှု၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စက်ယန္တရားများဖြင့် ကျေးရွာတွင်းလမ်းများ နှုန်းများဖယ်ရှားခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာသို့ ‌ရောက်ရှိပြီး ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ သဘာဝ ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လတ်တလော လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေး ကျေးရွာချင်းဆက် လမ်းတံတားများ၊ ကျေးရွာကုန်ထုတ်လမ်းများနှင့် သောက်သုံးရေရရှိရေး လုပ်ငန်း ပျက်စီးမှုများကို အမြန်ဆုံး ပြုပြင်ဆောင်ရွက်ပေးသွားရန် ဆွေးနွေးမှာကြားပြီး အိမ်ထောင်စုများအတွက် ဆန်နှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)