နေပြည်တော် အောက်တိုဘာ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ် ငပြောင်ဆည်ရေသောက် စနစ်အတွင်းရှိ မိုးစပါးစိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မိုးစပါးအတွက် ရေဆက်လက်ပေးဝေနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ထိခိုက်ပျက်စီးမှုမရှိသော မိုးစပါးစိုက်ခင်းများ အထွက်နှုန်းတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ပေးနေမှု၊ ဆည်ရေသောက်စနစ်များတွင် မိုးစပါးအောင်ရေ ပေးသွင်းနိုင်ရေး စီမံဆောင်ရွက်မှုနှင့် စပါးသီးနှံစိုက်ပျိုးခြင်းအတွက် ရေပေးဝေမည့်အစီအမံများကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြစ်သားမြို့နယ် ဒိုင်းကျေးရွာအုပ်စု နတ်လွှဲရေလွှဲဆည်သို့ ရောက်ရှိကြပြီး ရေကြီးရေလျှံမှုများ ကြောင့် ထိခိုက်ပျက်စီးခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ပြင်ဆင် ရမည့် လုပ်ငန်းစဉ်များနှင့် သစ်တော ပြုန်းတီးမှု ကာကွယ်ရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ဆွေးနွေး ပြောကြားသည်။
နတ်လွှဲရေလွှဲဆည်ကို ရှေးမြန်မာမင်းများ လက်ထက်မှ စတင်တည်ဆောက်အသုံးပြုခဲ့ပြီး ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံတည်ဆောက်ခဲ့ရာ ရေသောက်ဧရိယာ ဧက(၁၁၉၀၀)ကျော်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကင်းတားရေလွှဲဆည်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်၌ ရေကြီးနစ်မြုပ်မှု ဒဏ်ခံခဲ့ကြရသော ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံ ပျက်စီးဆုံးရှုံးမှုအပေါ် ဆောင်ရွက်ပေးမည့် အချက်များ၊ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် အထွက်နှုန်းတိုးတက်ရေးကိစ္စရပ်များ၊ သစ်ပင်သစ်တောများနှင့် ရာသီဥတုတို့၏ အပြန်အလှန် အကျိုးပြုနေမှု၊ သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း စဉ်များတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များကိုဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ကင်းတားရေလှောင်တမံသို့ ရောက်ရှိပြီး တမံဝင်ရေသိုလှောင်ထားရှိမှု၊ တမံကြံ့ခိုင်မှုတို့ကို ကြည့်ရှု စစ်ဆေးကြပြီး ထိန်းသိမ်းထားသော ဆည်တမံကြီးများ လုံခြုံစိတ်ချ မှုရှိရန်နှင့် ပြည်သူများ စိုးရိမ်ပူပန်မှု မရှိစေရန် သက်ဆိုင်ရာ ပညာရှင်များပါဝင်သော အဖွဲ့များဖွဲ့စည်း၍ ဦးစားပေးအစီအစဉ်အလိုက် တမံကြံ့ခိုင်မှု များကို စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ စစ်ဆေးချက် ရလဒ်များအပေါ် မူတည်၍ လိုအပ်သော စီမံဆောင်ရွက်မှု များ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ အပါအဝင် လုပ်ငန်းလိုအပ်ချက်အရ ဆောင်ရွက်သည့် ကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြစ်သားမြို့နယ် ကံဆည်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ ရောက်ရှိကြပြီး ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လုပ်ကိုင်နိုင်ရေးနှင့် ရေကြီး ရေလျှံမှုကြောင့် လမ်းတံတားများ ပျက်စီးမှုများအပေါ် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် သာစည်မြို့နယ် စမုံရေထိန်းတမံအား သွားရောက်ကြည့်ရှု စစ်ဆေးပြီး ထိခိုက်ပျက်စီးခဲ့သည့် တမံအဆောက်အအုံပြန်လည် ပြုပြင်ရေးလုပ်ငန်းများ ဆွေးနွေးမှာကြားသည်။
ထို့ပြင် နံနက်ပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးရှိ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ဦးစီးမှူးများနှင့် သီးခြားစီတွေ့ဆုံကာ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ လတ်တလော ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


