ဟင်္သာတ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများထံသို့ စတင်ကွင်းဆင်း ကောက်ယူလျက်ရှိသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ် သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် အဖွဲ့ဝင်များက မြဝတီရပ်ကွက်၊ သုံးပင်ကွင်းရပ်ကွက်နှင့် နိဗ္ဗာန်တိုက်နယ် တံတားဦးကျေးရွာတို့တွင် စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။ ထိုသို့ စာရင်းစစ်၊ စာရင်းကောက်ရာတွင် အဆင်ပြေစွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ အထောက်အကူပြုအဖွဲ့များ၊ လဝကရုံးဝန်ထမ်းများက ပူးပေါင်းကာ အဖွဲ့များခွဲ၍ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ဟင်္သာတမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်မြို့နယ်လုံးအနေဖြင့် ရပ်ကွက် (၃၁)ခု၊ ကျေးရွာအုပ်စု (၁၀၁)အုပ်စုရှိ ကျေးရွာပေါင်း (၇၉၇)ရွာ၌ ကောက်ကွက်ပေါင်း (၇၆၂)ကွက်တွင် စာရင်းကောက်အဖွဲ့ (၅၄)ဖွဲ့ဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၂၉၀)ဦးတို့မှ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ မြေပြင်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)


