နေပြည်တော်၊ စက်တင်ဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စမုံရာဘာရေလွှဲဆည်နှင့် ရေတင်အဆောက်အအုံများ ကြည့်ရှုစစ် ဆေးကြသည်။
ထိုသို့ကြည့်ရှုစဉ် ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုများကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည် နယ်တောင်ပိုင်းရှိ ကင်းတားရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံများ၏ ရေဆင်းဧရိယာ နေရာအနှံ့အပြားမှ ရေများအလုံးအရင်းဖြင့် စီးဆင်းဝင်ရောက်လာခဲ့ပြီး မြို့ကြီးရေလွှဲဆည်၊ မြို့ကြီးမြောင်းမတော်အမှတ် (၁) နှင့် စမုံရေထိန်းတမံ၊ စမုံရာဘာတမံများ၊ ရေတင်စက်များ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့်အခြေအနေ၊ ကင်းတားလက်ယာရေသောက်စနစ်ရှိ စိုက်ပျိုး မြေဧရိယာ (၃၈၄၂၈) ဧကကို ရေကူဖြည့်တင်းပေးဝေလျက်ရှိသည့် မြို့ကြီးရေလွှဲဆည်၏ မြေကာနံရံများ၊ ကျောက်ကွက်များ ပြိုကျပျက်စီးခဲ့မှုနှင့် မြို့ကြီးမြောင်းမတော် အမှတ် (၁) ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ရန်လိုအပ်ချက်များ၊ ဆက်စပ်အဆောက်အအုံများ၊ ရှင်းလင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံများ ရေနစ်မြုပ်ခဲ့မှု၊ ရေပြန်ကျပြီးနောက် စမုံရာဘာတမံ ဝဲ၊ ယာ ရှိ မြေကာနံရံများ ပြိုကျပျက်စီးပြီး ရေတင်စက်ရုံ Pump House အဆောက်အဦရေစီးနှင့်အတူ မျောပါသွားခဲ့မှု၊ စမုံရာဘာတမံ ထိခိုက်ပျက်စီးခဲ့သဖြင့် မိတ္ထီလာလွင်ပြင်ဒေသရှိ စိုက်ပျိုးမြေဧရိယာ (၈၀၀၀) ဧကသို့ စိုက်ပျိုးရေ ပုံမှန်ပြန်လည် ပေးဝေနိုင်ရေးအတွက် အချိန်မီပြန်လည်ပြုပြင်ရန် လိုအပ်ချက်များ၊ ထိခိုက်ပျက်စီမှုများ ဖြစ်ပေါ်ခဲ့သည့် ကင်းတားလက်ဝဲမြောင်းမကြီး၊ စမုံရေငုပ်ပြွန်အဆောက်အအုံ၏ အထက်ပိုင်းတွင် ပြင်ဆင်၍ မိုးသီးနှံရေပေးဝေနိုင်ရေး အမြန်ဆောင်ရွက်နေမှု၊ အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ကင်းတားလက်ဝဲမြောင်းမကြီး၏ စမုံမြစ်ဖြတ်နေရာတွင် ရေငုပ်ပြွန်အသစ်တစ်ခု ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှု၊ စမုံရေငုပ်ပြွန် အောက်ပိုင်းရှိ လက်တံ (၉) နှင့် လက်တံ (၁၀) တို့ရှိ မိုးသီးနှံလျာထားဧက (၂၅၀၀) ခန့်ကို စမုံမြစ်မှ ရေတင်စနစ်ဖြင့် ကင်းတားလက်ဝဲမြောင်းသို့ ရေပေးဝေနိုင်မည့် နည်းလမ်းရှာဖွေ၍ အမြန်ဆုံးဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက ဦးစားပေးလုပ်ငန်းများ သတ်မှတ်ပြီး ရာသီအချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာနှင့် စီမံခန့်ခွဲခြင်း လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရနှင့် ပြည်ထောင်စု ဝန်ကြီးဌာနတို့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရန် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးမှာ ကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မိတ္ထီလာလွင်ပြင်စိမ်းလန်း စိုပြည်ရေး ရေတင် အဆောက်အအုံ အမြင့် ၁၄ ပေခန့်အထိ ရေကြီးနစ်မြုပ်ခဲ့မှု၊ ထိခိုက်ပျက်စီးခဲ့သည့် ၄၀ ကျူဆက်ပန့် လေးလုံး ပြုပြင်ပြီးစီးမှု၊ (၂၈၀) ကီလိုဝပ် ရေတင်မော်တာ လေးလုံး ပြုပြင်နေမှု၊ ကွန်ထရိုးပန်နယ်ပြန်လည်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ထရန်စဖော် မာများ ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
စက်တင်ဘာ (၂၉) ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်ရှိ မိတ္ထီလာ - ကျောက်ပန်းတောင်း ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ဒေသမျိုးရင်းသစ်မျိုးများဖြင့် ၂၀၂၄ မိုးရာသီတွင် တည်ထောင်စိုက်ပျိုးခဲ့သော လမ်းဘေးဝဲယာ တစ်အုပ်တစ်မစိုက်ခင်း အပင် ၁၅၀၀ နှင့် တစ်အုပ်တစ်မ စိုက်ခင်း အပင် ၁၀၀၀ တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား စိုက်ပျိုးထားသောအပင်များ ရေရှည်တည်တံ့အောင် ထိန်သိမ်း စောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်ရှိ မြို့မသစ်တောပျိုးဥယျာဉ်၌ သစ်မျိုး ၁၁ မျိုးဖြင့် ပျိုးပင် ၁၂၀၀၀၀ ကျော် ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


