နေပြည်တော်၊ စက်တင်ဘာ ၃၀
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်၌ ကျင်းပသည့် နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံဘုရား အထွေထွေပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက Master Plan ရေးဆွဲရေးလုပ်ငန်းသည် အလွန် အရေးကြီးသောကြောင့် ဘက်စုံထောင့်စုံပြီးပြည့်စုံအောင် ဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် Master Plan ရေးဆွဲပြီးစီးရမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတွင် Final ပြီးစီးနေရမည်ဖြစ်ကြောင်း၊ ယမန်နေ့ အစည်းအဝေး ဆွေးနွေးမှုရလဒ်များအပေါ်မူတည်၍ ဆက်လက်ဆွေးနွေးအကြံပြုပေးရန်၊ ယခုရေးဆွဲမည့် Master Plan ကို ပြည့်ပြည့်စုံစုံ မြန်မြန်ဆန်ဆန် ရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေစည်းခုံစေတီတော် အထွေထွေပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ရေရှည်တွင် စနစ်တကျ ဆောင်ရွက်နိုင်ရေး ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ ပူးပေါင်းပါဝင်အားဖြည့်ဆောင်ရွက်မည့် အခြေအနေကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးက ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဘက်စုံလွှမ်းခြုံသော အစီအစဉ် Master Plan ရေးဆွဲနိုင်ရေး ပထမရက် အစည်းအဝေးဆွေးနွေးခဲ့မှု အခြေအနေနှင့် အချက်အလက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ရှေးဟောင်းအဆောက်အအုံအမှတ်-၂၃၅ (သိကြားပုန်းဘုရား) အား အိန္ဒိယနိုင်ငံ Archaeological servey in India (ASI) အဖွဲ့က ဆောင်ရွက်ထားသည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဘုရားဝန်းကျင်ရှိ ကားရပ်နားရန်နေရာ ချဲ့ထွင်ဆောင်ရွက်နေမှုနှင့် လမ်းညွှန်ချက်အပေါ် ဆောင်ရွက်ထားရှိမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ကျောက်ပန်းတောင်းမြို့နယ် ဆည်ပေါက်အင်ချောင်းကျေးရွာတွင် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အကူအညီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်း (၃) တွင်း တူးဖော်နေမှုကိုလည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အကူအညီဖြင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အင်တောကျေးရွာ စက်ရေတွင်း (၂) တွင်း တူးဖော်ပြီးစီးမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံများအနေဖြင့်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန် မှာကြားသည်။
ထို့နောက် ကျောက်ပန်းတောင်းမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောက်ပန်းတောင်းမြို့နယ် ရေရရှိရေးနှင့် ပုပ္ပါးဒေသသာယာလှပရေးအတွက် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပြီးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


